အာဖရိကနိုင်ငံ ၅၃ နိုင်ငံတို့၏ ပို့ကုန်များကို အခွန်စည်းကြပ်မှု တရုတ်ပယ်ဖျက်ပေးမည်

16 Feb

တရုတ်နိုင်ငံနှင့် တရားဝင် သံတမန်ဆက်ဆံရေးရှိထားသည့် အာဖရိကနိုင်ငံ ၅၃ နိုင်ငံတို့မှ ထုတ်ကုန် များအပေါ် အခွန်စည်းကြပ်ထားမှုအားလုံးကို ပယ်ဖျက်ပေးရန် တရုတ်နိုင်ငံကစီစဉ်ထားကြောင်း ဖေဖော်ဝါရီလ ၁၄ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိသည့် အာဖရိကနိုင်ငံ ၅၃ နိုင်ငံတို့မှ ပို့ကုန်များအတွက် အခွန် စည်းကြပ်ထားမှုများကို ယခုနှစ် မေလ ၁ ရက်မှစ၍ သုညအဆင့် လျှော့ချပေးမည်ဖြစ်ကြောင်း တရုတ်အစိုးရမီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် တရုတ်အစိုးရအနေဖြင့် အဆိုပါအာဖရိကနိုင်ငံများနှင့် ပူးတွဲစီးပွားရေး မိတ်ဖက်သဘောတူညီချက်များရယူရန် ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း တရုတ်အစိုးရ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အလားတူ အဆင့်မြှင့်တင်ထားသည့် ကုန်သွယ်ရေးယန္တရားစနစ်များမှတစ်ဆင့် အာဖရိကပို့ကုန်များ တရုတ်ဈေးကွက်နှင့် ပိုမိုထိတွေ့နိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားထားသည်။ အာဖရိကနိုင်ငံများမှ ပို့ကုန်များအပေါ် အခွန်စည်းကြပ်မှုအဆင့်ကို သုညအဆင့် လျှော့ချပေးမည့် အာဖရိကနိုင်ငံများထဲတွင် တရုတ်(တိုင်ပေ)နှင့် သံတမန်ဆက်ဆံရေးရှိထားသည့် အဆွာနီတီနိုင်ငံ ပါဝင်မှုမရှိကြောင်း သိရသည်။ တရုတ်နိုင်ငံသည် အာဖရိကတိုက်၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်သကဲ့သို့ အာဖရိက၏ အခြေခံ အဆောက်အအုံစီမံကိန်းများကိုလည်း အကူအညီပေးလျက်ရှိကြောင်း သိရသည်။

16 Feb

ADVERTISE HERE .