နှစ်နိုင်ငံစလုံးအတွက် စီးပွားရေးအရ အကျိုးဖြစ်ထွန်းစေမည့် နျူကလီးယားသဘောတူညီချက်ကို အမေရိကန်နှင့် ချမှတ်နိုင်ရန် ကြိုးပမ်းနေဟု အီရန်ပြော

16 Feb

အီရန်နိုင်ငံအနေဖြင့် ၎င်းနှင့်အမေရိကန် နှစ်နိုင်ငံစလုံးအတွက် စီးပွားရေးအရ အကျိုးဖြစ်ထွန်းစေမည့် နျူကလီးယားသဘောတူညီချက်တစ်ရပ်ကို အမေရိကန်နှင့်ချမှတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ စီးပွားရေးနှင့်သံတမန်ရေးဆိုင်ရာဒုတိယညွှန်ကြားရေးမှူး ဟာမစ်ဂန်ဘာရီ က ဖေဖော်ဝါရီလ ၁၅ ရက် တွင် ပြောကြားခဲ့ကြောင်း ဖားသတင်းအေဂျင်စီက ဖော်ပြသည်။ ဂန်ဘာရီ ၏ အဆိုပါပြောဆိုချက်သည် အီရန်နှင့်အမေရိကန်တို့အကြား ဂျနီဗာမြို့၌ ဒုတိယအကြိမ် ဆွေးနွေးပွဲများ မစတင်မီ ရက်ပိုင်းအလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့ သည် ၎င်းတို့အကြား ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားနေသော နျူကလီးယားအငြင်းပွားမှုကို ဖြေရှင်းနိုင်ရန်နှင့် စစ်ရေး ပဋိပက္ခသစ်တစ်ခုကို ရှောင်လွှဲနိုင်ရန်အတွက် ယခုနှစ်ဇန်နဝါရီလအစောပိုင်းတွင် ဆွေးနွေးပွဲများကို ပြန်လည်စတင် ခဲ့ကြခြင်းဖြစ်သည်။ အကယ်၍ နှစ်နိုင်ငံအကြားဆွေးနွေးပွဲများ အောင်မြင်မှုမရှိပါက အမေရိကန်အနေဖြင့် အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်ပြင်ဆင်လျက်ရှိပြီး အရှေ့အလယ်ပိုင်းဒေသတွင်းသို့ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောတစ်စင်းကို ထပ်မံစေလွှတ်ထားကြောင်း အမေရိကန်အရာရှိများက ရိုက်တာသတင်းဌာနသို့ ပြောကြားထားသည်။ အလားတူပင် အီရန်နိုင်ငံအနေဖြင့် အမေရိကန်၏ မည်သည့်တိုက်ခိုက်မှုကိုမဆို လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ထားသော်လည်း အီရန်အစိုးရဘက်မှ တင်းမာမှုများလျော့ကျစေလိုသော ရည်ရွယ်ချက်ဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထပ်မံပြောကြားခဲ့ကြောင်းသိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အီရန်၏နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန်နှင့် အပြန်အလှန် အားဖြင့် အီရန်နိုင်ငံအပေါ် ချမှတ်ထားသောပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန် လက်မှတ်ရေးထိုးထားသော အီရန် နျူကလီးယားသဘောတူညီချက်မှ ၂၀၁၈ ခုနှစ်တွင် နုတ်ထွက်ခဲ့ပြီးနောက် အီရန်နိုင်ငံအပေါ် ပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

16 Feb

ADVERTISE HERE .