မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကျင်းပ၊ တိုင်းကျိုးပြည်ပြု ဝန်ဆောင်မှု ပေးနေသော စတုတ္ထမဏ္ဍိုင်တစ်ခုဖြစ်‌အောင် ကြိုးပမ်းဆောင်ရွက်ရန်ပြောကြား

15 Feb

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးချုပ်၌ကျင်းပရာ အခမ်းအနားတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က နိုင်ငံတော်နှင့်ပြည်သူများ အားထားရသည့် တိုင်းကျိုးပြည်ပြု ဝန်ဆောင်မှု ပေးနေသော စတုတ္ထမဏ္ဍိုင်တစ်ခုဖြစ်‌အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်‌ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစား ဝန်ထမ်းများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(ရန်ကုန်ရုံး)နှင့် ထပ်ဆင့်လွှင့်စက်ရုံများမှ ဝန်ထမ်းများက Online မှတစ်ဆင့် တက်ရောက်ခဲ့ကြ ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် မြန်မာနိုင်ငံတွင် သက်တမ်းမြင့်မားသည့် နိုင်ငံတော်မီဒီယာဌာနတစ်ခုဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်နှင့်ပြည်သူ အတွက် တာဝန်ကျေပွန်ခဲ့ပြီး ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာ၊ အတတ်ပညာများနှင့် လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲ လိုက်ပါဆောင်ရွက်နိုင်သည့် ဌာနတစ်ခုအဖြစ် နှစ်(၈၀)ပြည့်တိုင် သမိုင်းမော်ကွန်းမှတ်တိုင်ကို ဝံ့ကြွားစွာ စိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ခေတ်အဆက်ဆက် MRTV ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မီဒီယာကဏ္ဍမှ တာဝန်ကျေပွန်ခဲ့ကြသကဲ့သို့ မျိုးဆက်သစ်ဝန်ထမ်းများ အနေဖြင့်လည်း သမိုင်းပေးတာဝန်များကို ကျေပွန်စွာ ဆက်လက်ထမ်းရွက်သွားကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူများ အားထားရသည့် တိုင်းကျိုး ပြည်ပြု ဝန်ဆောင်မှုပေးနေသော စတုတ္ထမဏ္ဍိုင်တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် နှစ်(၈၀) ပြည့်မှသည် ရှေ့ရာစုနှစ်ပေါင်းများစွာတိုင် အောင်မြင်မှုများစွာဖြင့် ရှင်သန်ရပ်တည်နိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)

15 Feb

ADVERTISE HERE .