စွမ်းရည်ရှိသည့်တပ်မတော်၊ စွမ်းအားရှိသည့်တပ်မတော်ဖြစ်အောင် ဆောင်ရွက်ရန်ပြောကြား
15 Feb
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းတွင် ဟုမ္မလင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်တွေ့ဆုံစဉ် စွမ်းရည်ရှိသည့်တပ်မတော်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်အောင်ဆောင်ရွက်ရန် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေဖြင့် နိုင်ငံရေးအစိုးရများ မည်ကဲ့သို့ပင်ပြောင်းလဲသည် ဖြစ်စေ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ထိန်းသိမ်း ဆောင်ရွက်ရမည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တာဝန်ဖြစ်သော်လည်း လိုအပ်ချက်အရ တပ်မတော်မှ ပါဝင်ဆောင်ရွက် နေရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်း စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့်တပ်မတော်ဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ တိုက်စွမ်းအားနှင့်ပတ်သက်၍ နိုင်ငံတကာနှင့်ယှဉ်နိုင်သည့် တပ်မတော်ဖြစ်စေရေး၊ တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)တို့ရှိ ရေယာဉ်၊ လေယာဉ်များအား အဆင့်မြှင့်တင်ခြင်းနှင့် ထပ်မံဖြည့်တင်းဆောင်ရွက်ခြင်းတို့အပြင် တပ်မတော်(ကြည်း)အတွက် လိုအပ်သည့်ယာဉ်ယန္တရားများ၊ လက်နက်အသုံးအဆောင်ပစ္စည်းများ၊ ခေတ်နှင့်လျော်ညီ သည့် စစ်ဘက်နည်းပညာများအား အဆင့်မြှင့်တင်ဖြည့်ဆည်းခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)