အင်္ဂလန်အသင်းအတွက်သာ ကစားရန်ဆုံးဖြတ်ခဲ့တဲ့ ဘားနက်
15 Feb
နယူးကာဆယ်အသင်း တောင်ပံတိုက်စစ်ကစားသမား ဘားနက် က စကော့တလန်အသင်းအတွက် ကစားပေးရန်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး အင်္ဂလန်အသင်းအတွက်သာ ကစားရန်ဆုံးဖြတ်ခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဘားနက် ရဲ့ မိဘများက စကော့တလန်နိုင်ငံသားများဖြစ်လို့ ဘားနက် က နိုင်ငံလက်ရွေးစင်အသင်း ရွေးချယ် မှုတွင် စကော့တလန်အသင်းအတွက်လည်း ကစားပေးရန် မျှော်လင့်ချက်ရှိနေတာဖြစ်ပါတယ်။ ဘားနက် ကို စကော့တလန်အသင်းနည်းပြ ကလပ်ဖ် က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စကော့တလန်အသင်းအတွက် ပါဝင်ကစား ပေးရန် ကမ်းလှမ်းခဲ့သော်လည်း ၎င်းကိုယ်တိုင်က ငြင်းပယ်ခဲ့ပြီး အင်္ဂလန်အသင်းအတွက်သာ ပါဝင်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဘားနက် အနေနဲ့ အင်္ဂလန်အသင်းတွင် ၂၀၂၀ ပြည့်နှစ်က တစ်ပွဲပါဝင်ကစားခဲ့ပြီး နောက်ပိုင်းနှစ်များတွင် ရွေးချယ်ခံရခြင်းမရှိခဲ့ဘဲ ယခုနှစ်ဘောလုံးရာသီတွင် နယူးကာဆယ်အသင်းနှင့်အတူ ပြသနေသည့် ခြေစွမ်းများ ကြောင့် အင်္ဂလန်အသင်းနည်းပြ တူချယ် က လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းအတွက် ပြန်လည် ရွေးချယ်ဖွယ်ရှိနေတာဖြစ်ပါတယ်။ ဘားနက် ဟာ လက်ရှိဘောလုံးရာသီတွင် နယူးကာဆယ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၃၉ ပွဲတွင် သွင်းဂိုး ၁၂ ဂိုးနှင့် ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ထားကြောင်း သိရပါတယ်။(NVS 008)