လက်ရှိဘဏ္ဍာနှစ် ၁၀ လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၃ သန်းကျော် တင်ပို့ထား
14 Feb
မြန်မာ့ဆန်နှင့်ဆန်ကွဲကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ၁၀ လတာကာလအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၃ သန်းကျော် တင်ပို့ထားနိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ သိရပါတယ်။ ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ၂၀၂၅ ခုနှစ် ဧပြီလတွင် အမေရိကန်ဒေါ်လာ ၅၂ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၄၂၇၈၈ တန်၊ မေလတွင် အမေရိကန်ဒေါ်လာ သန်း ၉ဝ တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၂၅၉၅၀၁ တန်၊ ဇွန်လတွင် အမေရိကန်ဒေါ်လာ ၇၁ သန်းတန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ ၂၁၂၄၁၆ တန်၊ ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၇၇ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၂၃၀၆၇၂ တန်၊ ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၆၅ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၉၂၉၈၅ တန်၊ စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၅၂ သန်းတန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲ ၁၆၈ဝ၄၆ တန်၊ အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ ၉၂ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃၁၆၉၂၀၊ နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ ၇၆ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၂၆၃၈၁၅ တန်၊ ဒီဇင်ဘာလတွင် အမေရိကန်ဒေါ်လာ ၉၁ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၃၃၁၈၆၄ တန်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ သန်း ၆ဝ တန်ဖိုး ရှိ ဆန်နှင့်ဆန်ကွဲ ၂၀၈၈၄၇ တန် တို့ကို လအလိုက် တင်ပို့နိုင်ခဲ့ပါတယ်။ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ဧည့်မထ/ငစိန် အုပ်စုဝင်များဖြစ်သည့် ဆင်းသုခ၊ သီးထပ်ရင်၊ ရတနာတိုး၊ ငစိန်၊ ရာကျော်၊ ကရင်မ၊ ထွန်းပု၊ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ ရွှေမန်း စသည့်ဆန်ကြမ်းများကို အဓိကတင်ပို့လျက်ရှိပြီး အာရှနိုင်ငံများအပြင် ဥရောပ၊ အာဖရိက၊ ဗြိတိန် စသည့် နိုင်ငံတို့ကိုပါ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။(NVS 004)