ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကျင်းပ၊ ပါတီအလိုက် နစ်နာမှုရှိကြောင်း ယူဆပါက သတ်မှတ်ကာလအတွင်း ကန့်ကွက်လွှာတင်နိုင်

14 Feb

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၁၃ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၅၅ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်အထိ ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပိုင်းသုံးပိုင်းလုံးတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းရှိသည့်အနက် မဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိ၍ မဲပေးမှုရာခိုင်နှုန်း ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲအပိုင်းလိုက် ထုတ်ပြန်ကြေညာပေးခဲ့ပြီး အနိုင်ရကိုယ်စားလှယ်စာရင်းများအပြင် FPTP မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်တစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ၊ PR မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်တွက်ချက်မှု ပုံစံတို့နှင့်အတူ ပါတီအလိုက် ကိုယ်စားလှယ်ရရှိမှု အခြေအနေ များကို တစ်ပြိုင်နက် ထုတ်ပြန်ကြေညာပေးနိုင်ခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲရုံတစ်ရုံ ချင်းစီအလိုက် စာရင်းများကိုပါရယူ၍ ရလဒ်တွက်ချက်ခြင်းများကို ကော်မရှင်အဖွဲ့ခွဲများနည်းတူ ဆောင်ရွက်ခဲ့ပြီး စနစ်တကျထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲ ရလဒ်အသေးစိတ်များကို နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများ လေ့လာ ကြည့်ရှုနိုင်ရန် ပွင့်လင်းမြင်သာစွာ ခင်းကျင်းပြသထားကြောင်း၊ မိမိပါတီ၊ မိမိကိုယ်စားလှယ်လောင်းများ နစ်နာမှု ရှိသည်ဟုယူဆပါက သတ်မှတ်ကာလအတွင်း ကန့်ကွက်လွှာတင်သွင်းနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအပိုင်းလိုက် ပိုမိုပြည့်စုံ၍ စနစ်တကျဖြစ်စေရန်၊ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူအဆင်ပြေစွာ မဲပေးနိုင်ရေးနှင့် လိုအပ်မှုများမရှိစေရန် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြည်တွင်း/ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၊ နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များကို ဖိတ်ကြား၍ ရွေးကောက်ပွဲအပိုင်းအားလုံးကို စောင့်ကြည့်လေ့လာခဲ့ကြပြီး လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ အောင်မြင်သည့်ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြကြောင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းမီဒီယာများမှ သတင်းမီဒီယာများကလည်း ရွေးကောက်ပွဲတွင် လွတ်လပ်စွာ သတင်းရယူခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများ၏ စည်းကမ်းစနစ်တကျဖြင့် အဆင်ပြေစွာလာရောက်မဲပေးခဲ့မှုများကို ရိုက်ကူးထုတ်လွှင့်ဖော်ပြခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီများအနေဖြင့် မဲဆန္ဒရှင်ပြည်သူများနှင့် စဉ်ဆက်မပြတ်ထိတွေ့နေရန် လိုအပ်မည်ဖြစ်ပြီး ကိုယ်စားလှယ်ရွေးချယ်ခံရခြင်းမရှိသည့် နိုင်ငံရေးပါတီများအနေဖြင့်လည်း လွှတ်တော်ပြင်ပ အမျိုးသားနိုင်ငံရေးကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြည်သူလူထုအကျိုး၊ မဲဆန္ဒရှင်များ၏ အကျိုးကို ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူလူထု၏ ထောက်ခံအားပေးမှုကို ရရှိအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)

14 Feb

ADVERTISE HERE .