မန္တလေးတိုင်းဒေသကြီးအတွင်း PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့မှ အမျိုးသား ၁၄၁ ဦး၊ အမျိုးသမီး ၉ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်
14 Feb
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၅၀ ဦးတို့က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာမှုအား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများအား ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ် နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် မောင်းပြန်ရိုင်ဖယ် ၁၅ လက်၊ RPG တစ်လက်၊ လက်လုပ်သေနတ် နှစ်လက်၊ လက်ပစ်ဗုံးနှင့် ဗုံးသီးမျိုးစုံ ၁၉ လုံး၊ စကားပြောစက် ၅ လုံး၊ ကျည်အိမ် ၃၅ ခု၊ ကျည် ၉၇၂ တောင့်နှင့် ကျည်ကာအင်္ကျီ လေးထည်တို့ကို လွှဲပြောင်းအပ်နှံခဲ့ရာ တိုင်းမှူးက လက်ခံရယူ၍ အဆိုပါအပ်နှံခဲ့သည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ တစ်ခုချင်းစီအလိုက် ဆုကြေးငွေနှင့် လက်နက်ပါရှိခြင်းမရှိသူ ၁၃၃ ဦးတို့အတွက် ဆုကြေးငွေကျပ် စုစုပေါင်း ၁၀၄၃ သိန်းအပြင် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူ များထံ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရပါတယ်။(NVS 004)