CI လက်မှတ်များကို ဖေဖော်ဝါရီ ၁၇ တွင် စတင်လုပ်ဆောင်ပေးမည်
13 Feb
မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့် စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(Certificate of Identity-CI) ထုတ်ပေးခြင်း လုပ်ငန်းစဉ်များကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်တွင် အသိပေးထုတ်ပြန်ခဲ့ပါတယ်။ CI လက်မှတ်လုပ်ဆောင်ရာတွင် ထိုင်းနိုင်ငံအစိုးရကထုတ်ပေးထားသည့် Work Permit ကိုင်ဆောင်ထားသူ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်များ ရရှိစေရေးအတွက် လုပ်ဆောင် ပေးခြင်းဖြစ်ပါတယ်။ CI လျှောက်ထားလိုသည့် အလုပ်သမားများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် CI စာအုပ်ဖိုး ကုန်ကျစရိတ် ဘတ် ၂,၆၇၀ ကိုပေးသွင်း၍ မိမိ CI လျှောက်ထားလိုသည့်စခန်းအမည်နှင့် နေ့ရက်တို့ကို ရွေးချယ် နိုင်မည်ဖြစ်ပြီး ငွေပေးသွင်းပြီးပါက 7-Eleven စတိုးဆိုင်များက ထုတ်ပေးသည့် ပြေစာနှင့်အတူ မိမိရွေးချယ်ထားသည့် စခန်းတွင် CI သွားရောက်ပြုလုပ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ CI လျှောက်ထားရာတွင် ကုန်ကျစရိတ်အဖြစ် ဘတ်၂,၆၇၀ သာကုန်ကျမှာဖြစ်လို့ မလိုလားအပ်သည့် ကုန်ကျစရိတ်များမရှိစေရေး သတိပြုနိုင်ရန်နှင့် စခန်းများအား အပတ်စဉ်တနင်္လာနေ့တိုင်းနှင့် မြန်မာသံရုံး (ဗန်ကောက်)မှကြေညာသည့် ရုံးပိတ်ရက်များတွင် စခန်းများပိတ်မည်ဖြစ်ကြောင်း သတိပေးကြေညာခဲ့တာ ဖြစ်ပါတယ်။(NVS 004)