၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းကျော်တင်ပို့ထား
13 Feb
ပြည်ပနိုင်ငံများသို့ ယခုနှစ်ဇန်နဝါရီလအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းကျော်တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲများတင်ပို့ရာတွင် ကုမ္ပဏီ ၅၇ ခုမှ ဆန်တန်ချိန် ၁၂၂,၀၀၀ ကျော်နှင့် ဆန်ကွဲတန်ချိန် ၈၆၅၀၀ ကျော် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ်ဇန်နဝါရီလအတွင်း ပြည်ပသို့ ဆန်တင်ပို့ရာတွင် နိုင်ငံပေါင်း ၃၁ နိုင်ငံသို့ တင်ပို့ခဲ့ပြီး မဒါဂတ်စကား၊ ဖိလစ်ပိုင်၊ တရုတ်၊ ပိုလန်နှင့် စပိန်နိုင်ငံတို့ထံ ဆန်တန်ချိန်အများဆုံး တင်ပို့နိုင်ခဲ့ကာ ဆန်ကွဲကို နိုင်ငံပေါင်း ၁၃ နိုင်ငံသို့ တင်ပို့ခဲ့ပြီး တရုတ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်၊ စပိန်နှင့် ဗြိတိန်နိုင်ငံတို့ထံ အများဆုံးတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာ့ဆန်နှင့်ဆန်ကွဲကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသန်း တင်ပို့နိုင်ရန် လျာထားကြောင်း သိရပါတယ်။ လတ်တလောတွင် နိုင်ငံတကာဈေးကွက်သို့ ဧည့်မထ၊ ငစိန်အုပ်စုဝင်များဖြစ်သည့် ဆင်းသုခ၊ သီးထပ်ရင်၊ ရတနာတိုး၊ ငစိန်၊ ရာကျော်၊ ကရင်မ၊ ထွန်းပု၊ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ ရွှေမန်း စသည့် ဆန်ကြမ်းများကို အဓိက တင်ပို့နေကြောင်း သိရပါတယ်။ (NVS 004)