၂၀၂၆ ခုနှစ် မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်ပွဲတော် ကျင်းပ
12 Feb
၂၀၂၆ ခုနှစ် မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ မြဝတီမီဒီယာစင်တာတွင် ဖေဖော်ဝါရီလ ၁၂ ရက်(ယနေ့) ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီများရှိ ဦးကြည်စိုးထွန်း၊ မြဝတီမီဒီယာ စင်တာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ အကယ်ဒမီ များရှင် ဦးရန်အောင်၊ အကယ်ဒမီ သားကျော်၊ ဇာတ်ညွှန်းအဖွဲ့ အကယ်ဒမီ သီလံအဖွဲ့ဝင် ဒါရိုက်တာ မယ်မင်းဘုံ၊ အကယ်ဒမီ ရတနာဗို နှင့် အကယ်ဒမီ ခိုင်နှင်းဝေ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ အဆိုပါပွဲတော်ကို ၂၀၂၆ ခုနှစ် မတ်လ ၈ ရက်တွင်ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်တွင် ကျင်းပခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား၌ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုင်ငံတော်အစိုးရအနေဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် နယ်ပယ်ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက် လာရန်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် အားပေးကူညီမှုများကို လုပ်ဆောင်ပေးခဲ့ပြီး ဆက်လက်၍လည်း ကူညီပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများကို ဖျော်ဖြေရေးသက်သက်သာမက နိုင်ငံ၏ယဉ်ကျေးမှုနှင့် ချစ်စဖွယ် မြန်မာ့ဓလေ့စရိုက်၊ မြန်မာ့ ရေ၊ မြေ၊ တော၊ တောင် သဘာဝအလှအပများကို ဖော်ညွှန်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုရိုက်ကူးတင်ဆက်ပေးရန် ပြောကြားခဲ့ပါတယ်။ ယခုအခမ်းအနားကို မြဝတီမီဒီယာစင်တာက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ပူးပေါင်းဆောင်ရွက် ပေးခြင်းဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့ရုပ်ရှင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ယခင် ၂၀၂၅ ခုနှစ်ကလည်း ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုရဇာတ်ကားများကို စုစည်းပြီး ရုပ်ရှင်ရက်သတ္တပတ်ပွဲတော်အား မြဝတီမီဒီယာစင်တာရှိ Star Cinema ၌ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုရဇာတ်ကား ၈ ကားကို ဖေဖော်ဝါရီလ ၁၃ ရက်မှ ၂၈ ရက်အထိ ဇာတ်ကားတစ်ကားလျှင် ၂ ရက် နေ့စဉ်ပွဲချိန်နှစ်ချိန်နှုန်းဖြင့် နံနက် ၁၀ နှင့် ညနေ ၆ နာရီတို့တွင် ပြသပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။(NVS 004)