ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်)ကို ဖေဖော်ဝါရီလ ၁၄ ရက်အထိ ရက်တိုးကျင်းပမည်
12 Feb
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို တစ်ရက်ထပ်တိုး၍ ဖေဖော်ဝါရီလ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ ပြည်ထောင်စုဝန်ကြီးဌာန ပြခန်းများအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းပြခန်းများနှင့် ပြင်ပကုမ္ပဏီ ၂၉ ခုက ဝင်ရောက်ပြသသည့် ပြခန်းများ စုစုပေါင်းပြခန်း ၁၂၀ ကျော်၌ အမျိုးအစားစုံလင်စွာ ခင်းကျင်းပြသရောင်းချလျက်ရှိပြီး အနယ်နယ် အရပ်ရပ်မှ ပြပွဲလာပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိပါတယ်။ ပြခန်းအများအလိုက် ခင်းကျင်းပြသထားသည့် ဒေသအလိုက်ထွက်ရှိသော တိုင်းရင်းသားရိုးရာ အစားအစာ များ၊ One Region One Product ထုတ်ကုန်များအပါအဝင် ပြည်ပသို့တင်ပို့ရောင်းချနေသည့် MSME ထုတ်ကုန် များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ပြခန်းတာဝန်ရှိသူများက သက်ဆိုင်ရာပြခန်းအလိုက် ရှင်းလင်းဆွေးနွေး ပေးလျက်ရှိပါတယ်။ ပြပွဲရက်များအတွင်း ညပိုင်းတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရန် ဖျော်ဖြေရေးအစီအစဉ် များကို ထည့်သွင်းကျင်းပလျက်ရှိပြီး နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေမှုများ ထည့်သွင်းကျင်းပလျက်ရှိပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ဖျော်ဖြေမှုများ ခေတ္တရပ်နားကာ ၁၃ ရက်တွင် ဖျော်ဖြေမှုများဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)