မဟာဗျူဟာနျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ်သစ်ပါ ပြဋ္ဌာန်းချက်များကို အမေရိကန်နိုင်ငံ စောင့်ထိန်းနေသမျှ ရုရှားနိုင်ငံက ဆက်လက်စောင့်ထိန်းမည်

12 Feb

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း သက်တမ်းကုန်ဆုံးခဲ့သည့် မဟာဗျူဟာနျူကလီးယားလက်နက်များ ထိန်းချုပ်ရေးစာချုပ်သစ်ပါ ပြဋ္ဌာန်းချက်များကို အမေရိကန်နိုင်ငံက ဆက်လက်စောင့်ထိန်းနေသမျှ ရုရှားနိုင်ငံ ကလည်း အလားတူဆက်လက်စောင့်ထိန်းမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ် က ပြောကြားခဲ့ ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ ရုရှားနှင့် အမေရိကန်နိုင်ငံတို့အကြား ၂၀၁၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့သော မဟာဗျူဟာ လက်နက်များထိန်းချုပ်ရေး စာချုပ်သစ်သည် ဖေဖော်ဝါရီလ ၅ ရက်က သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သည်။ အဆိုပါစာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်သော်လည်း စာချုပ်ပါပြဋ္ဌာန်းချက်များကို တစ်နှစ်ကြာ ဆက်လက် စောင့်ထိန်းရန် ရုရှားသမ္မတ ပူတင် က တရားဝင်အဆိုပြုခဲ့သော်လည်း ယင်းအဆိုပြုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ငြင်းပယ်ထားသည်။ သို့ရာတွင် မဟာဗျူဟာလက်နက်များ ထိန်းချုပ်ရေးစာချုပ်သစ် ပြဋ္ဌာန်းချက်များကို အမေရိကန်နိုင်ငံက ဆက်လက်စောင့်ထိန်းနေသရွေ့ ရုရှားနိုင်ငံကလည်း အလားတူစောင့်ထိန်းမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး က ပြောကြားထားသည်။ မဟာဗျူဟာလက်နက်များ ထိန်းချုပ်ရေးစာချုပ်သစ်ကို သက်တမ်းထပ်တိုးရန် ကြိုးပမ်းမည့်အစား ခေတ်နှင့် ပို၍လိုက်ဖက်ညီသော လက်နက်ထိန်းချုပ်ရေး စာချုပ်သစ်ရယူရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က လိုလား လျက်ရှိသည်။ မဟာဗျူဟာလက်နက်များ ထိန်းချုပ်ရေးစာချုပ်သစ်သည် ရုရှားနှင့် အမေရိကန်နိုင်ငံတို့ ဖြန့်ကြက်ခွင့်ရှိသည့် နျူကလီးယားလက်နက် အရေအတွက်နှင့် ပစ်လွှတ်မှုစနစ်အရေအတွက်တို့ကို ကန့်သတ်ပေးထားကြောင်း သိရသည်။

12 Feb

ADVERTISE HERE .