ဂါဇာငြိမ်းချမ်းမှုထိန်းသိမ်းရေး နိုင်ငံတကာတပ်ဖွဲ့အတွက် တပ်ဖွဲ့ဝင်ဦးရေ ၈,၀၀၀ ထိ အင်ဒိုနီးရှား ဖြည့်ဆည်းပေးနိုင်

12 Feb

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်အရ ဖွဲ့စည်းမည့် နိုင်ငံတကာငြိမ်းချမ်းရေး တပ်ဖွဲ့အတွက် တပ်ဖွဲ့ဝင် ၈,၀၀၀ ထိ အင်ဒိုနီးရှားနိုင်ငံက ဖြည့်ဆည်းပေးနိုင်ဖွယ်ရှိကြောင်း အင်ဒိုနီးရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီလ ၁၀ တွင် ထုတ်ဖော်ပြောကြားထားသည်ဟု Xinhua သတင်းဌာနက ဖော်ပြ ထားသည်။ သို့ရာတွင် တပ်များဖြန့်ကြက်မှုဆိုင်ရာစည်းမျဉ်းများ၊ ဖြန့်ကြက်မည့်နယ်မြေများနှင့် ပတ်သက်၍ အပြီးသတ် သဘောတူညီချက် မရသေးကြောင်း အင်ဒိုနီးရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်အရ ဖွဲ့စည်းမည့် နိုင်ငံတကာငြိမ်းချမ်းရေး တပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်ဦးရေ ၂၀,၀၀၀ ထိ ပါဝင်ဖွယ်ရှိကြောင်းသိရသည်။ ဂါဇာငြိမ်းချမ်းမှုထိန်းသိမ်းရေး နိုင်ငံတကာတပ်ဖွဲ့အတွက် တပ်ဖွဲ့ဝင်ဦးရေ ၅,၀၀၀ မှ ၈,၀၀၀ ထိ ဖြည့်တင်း ပေးရန် ပြင်ဆင်ထားကြောင်း အင်ဒိုနီးရှားကြည်းတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာရူလီဆီမင်ဂျန်တက်ခ် ကလည်း ပြောကြားထားပြီးဖြစ်သည်။ အမေရိကန်အစိုးရသည် ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ ပထမဆုံးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်တွင် ကျင်းပရန်စီစဉ်ထားပြီး ဆွေးနွေးပွဲ၌ပါဝင်ရန် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တို ကိုလည်း ဖိတ်ကြားထား သည်။ ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဆွေးနွေးပွဲကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို တက်ရောက်ရန် အစီအစဉ်ရှိ၊ မရှိကို အင်ဒိုနီးရှားတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း သိရသည်။

12 Feb

ADVERTISE HERE .