“မကွေးမြသလွန်စေတီတော်မြတ်ကြီး၌ ဗုဒ္ဓဇယန္တီဗိမာန်တော်ကြီး တည်ဆောက်မှုလုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ကျော် ပြီးစီး”
11 Feb
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၌ ဗုဒ္ဓဇယန္တီဗိမာန်တော်ကြီးကို တည်ဆောက် လျက်ရှိရာ လက်ရှိတွင် တည်ဆောက်မှုလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း မကွေးမြို့ မြသလွန် စေတီတော်မြတ်ကြီး ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ မြသလွန်စေတီတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြသော ဘုရားဖူးပြည်သူများ အဆင်ပြေကျယ်ဝန်းစွာ နားနေနိုင်စေရန် မြသလွန်စေတီတော်မြတ်ကြီး ဩဝါဒါစရိယဆရာတော်ကြီးများနှင့် မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဗုဒ္ဓဇယန္တီဗိမာန်တော်ကြီးကို ငွေကျပ် သိန်း ၂၄,၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ပြီး ယခုအခါမှာ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပါတယ်။ ဗိမာန်တော်ကြီးအပေါ်ထပ်၌ ထီးတော်ထားရှိသောအခန်း၊ ဘုရားသုံးဆူစံမြန်းရာ ဘုရားခန်းနှင့် ဓာတ်တော် အခန်းတို့ပါဝင်ပြီး ဗိမာန်တော်အောက်ထပ်၌ ဘုရားဖူးလာပြည်သူများ မိုးလုံလေလုံနှင့် ဘေးအန္တရာယ်ကင်းစွာ သက်သောင့်သက်သာနားနေနိုင်စေရန် စီစဉ်ဆောင်ရွက်ထားသည့်အပြင် သန့်စင်ခန်းများကိုလည်း ထည့်သွင်း တည်ဆောက်ထားရှိပါတယ်။ အဆိုပါ အသစ်တည်ဆောက်လျက်ရှိသော ဗုဒ္ဓဇယန္တီဗိမာန်တော်ကြီးသည် အကျယ်အဝန်းအားဖြင့် အလျား ၉၆ ပေ၊ အနံပေ ၃၀ ရှိကာ မြသလွန်စေတီတော်မြတ်ကြီး၌ ယခင်တည်ဆောက်ထားသော တန်ဆောင်းတော်များနှင့် ဗိမာန်တော်များလည်းရှိပြီး ယခုအခါ ဗိမာန်တော်ကြီးကို အသစ်တည်ဆောက်နေသည့်အတွက် ဘုရားဖူးလာ ပြည်သူများ ပိုမိုကျယ်ဝန်းစွာ နားနေနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)