“နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးဧက ၈ဝဝ စိုက်ပျိုးမည်”
11 Feb
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးဧက ၈၀၀ စိုက်ပျိုးသွား မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ ယခုနှစ်တွင် မိတ္ထီလာမြို့နယ်၌ နွေစပါးစိုက်ပျိုးရန် ဧက ၁,၀၉၀ လျာထားပြီး အဆိုပါစိုက်ဧကများအနက် နွေစပါး ဧက ၈၀၀ ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ စိုက်ပျိုးရာတွင် နွေစပါး တစ်ဧကလျှင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ငွေကျပ် နှစ်သိန်းငါးသောင်းကို အကျိုးတူကုမ္ပဏီထံပေးအပ်၍ အဆိုပါ ကုမ္ပဏီမှ နွေစပါးစိုက်တောင်သူများအား စပါးမျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့ကို ပေးအပ်မည်ဖြစ်ကာ ၎င်းကုမ္ပဏီထံသို့ ရရှိလာသည့်နွေစပါးများကို ကာလပေါက်ဈေးနှုန်းဖြင့် ပြန်လည်ပေးအပ်ရမှာဖြစ်ပါတယ်။ မိတ္ထီလာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ထမုန်ကန်ကျေးရွာ အုပ်စုတွင် ဧက ၁၉၀၊ ညောင်ကိုင်ကျေးရွာအုပ်စုတွင် ဧက ၅၀၊ ခင်လူးကျေးရွာအုပ်စုတွင် ဧက ၅၀၊ ညောင်ကန် ကျေးရွာအုပ်စုတွင် ဧက ၅၀၊ ကန်သာကျေးရွာအုပ်စုတွင် ဧက ၁၀၀၊ လျှော်ဖြူကန်ကျေးရွာအုပ်စုတွင် ဧက ၁၆၀၊ ကဖြူကျေးရွာအုပ်စုတွင် ဧက ၁၀၀ နှင့် မြာကျေးရွာအုပ်စုတွင် ဧက ၁၀၀ စိုက်ပျိုးသွားမှာဖြစ်ပြီး GW-11၊ မှော်ဘီကောက်ညှင်း၊ ဆင်းသုခ၊ အောင်နိုင်တိုး၊ ရေဆင်းပေါ်ဆန်းနှင့် မနောသုခ စပါးမျိုးများကို စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။ (NVS-004)