“၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန် ရေငန်ပုစွန်တင်ပို့မှု တိုးမြှင့်တင်ပို့နိုင်ရန်လျာထား”

11 Feb

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ တနင်္သာရီတိုင်းဒေသကြီးမှထွက်ရှိသော ရေငန်ပုစွန်များ တိုးမြှင့် တင်ပို့နိုင်ရန် လျာထား‌ဆောင်ရွက်လျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး၏ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၀၃ ဒသမ ၆၂၈ သန်း ရရှိခဲ့ပြီး ရေငန်ပုစွန်တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၅၆၂ သန်းရရှိခဲ့ရာ လာမယ့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရေငန်ပုစွန်တင်ပို့မှု တိုးမြှင့်တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ ပနားမီးပုစွန်ဖြူကို ကော့သောင်းခရိုင်၊ မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို့တွင် မွေးမြူထုတ်လုပ်လျက်ရှိပြီး နှစ်ဧကခွဲအကျယ်ရှိသော ပုစွန်ကန်တွင် သားပေါက်ကောင်ရေ လေးသန်းခန့်ထည့်၍ သုံးလမွေးမြူကာ ကောင်ရေ အကြီး/အသေးအလိုက် တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိလျက်ရှိပါတယ်။ ပနားမီးပုစွန်ဖြူမွေးမြူရာ၌ မိုးရာသီတွင် ရေငန်နှုန်း ကျဆင်းတတ်မှုကြောင့် ကောင်ရေလျှော့၍ မွေးမြူလေ့ရှိပြီး နွေရာသီ ရေငန်နှုန်းမြင့်တက်ချိန်တွင် ကောင်ရေတိုးမြှင့်၍ မွေးမြူလေ့ရှိကြောင်း သိရပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအနေနဲ့ ပြည်ပသို့ ရေထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ပါက ရေထွက်ကုန်ဝင်ငွေ နှစ်ဆ၊ သုံးဆမက ရရှိလာမှာဖြစ်ပြီး နှစ်စဉ် နိုင်ငံခြားဝင်ငွေ တိုးမြှင့်ရရှိလာမှာဖြစ်ပါတယ်။ (NVS-004)

11 Feb

ADVERTISE HERE .