“မြောက်ကိုရီးယားသို့ ဒရုန်းဝင်ရောက်မှုနှင့်ပတ်သက်၍ တောင်ကိုရီးယားထောက်လှမ်းရေးဌာန စီးနင်းရှာဖွေခံရ”
11 Feb
မြောက်ကိုရီးယားနိုင်ငံသို့ ဒရုန်းတစ်စင်းဝင်ရောက်မှုနှင့်ပတ်သက်၍ တောင်ကိုရီးယားထောက်လှမ်းရေး ဌာန စီးနင်းရှာဖွေခံရကြောင်း သိရသည်။ ဖြစ်စဉ်တွင် အစိုးရဌာနများပါဝင်ပတ်သက်မှု ရှိ၊ မရှိ သိရှိနိုင်ရန် တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးမှူးများက ဖေဖော်ဝါရီလ ၁၀ ရက်တွင် ထောက်လှမ်းရေးအေဂျင်စီကို ဝင်ရောက်စီးနင်း ရှာဖွေခြင်း ဖြစ်သည်။ စစ်ဘက်နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်းထားသည့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အမျိုးသားထောက်လှမ်း ရေးဌာန(NIS)နှင့် စစ်ဘက်ထောက်လှမ်းရေးဌာနချုပ်တို့ အပါအဝင် သံသယရှိဖွယ်နေရာ ၁၈ ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလတွင် ကေဆုန်မြို့သို့ တောင်ကိုရီးယားဘက်မှ ဒရုန်းများစေလွှတ်သည်ဟု မြောက် ကိုရီးယားဘက်က စွပ်စွဲပြီး ပျက်ကျသွားသည့် ဒရုန်းအပိုင်းအစ၏ဓာတ်ပုံများကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်သည်သုံးဦးနှင့်ထောက်လှမ်းရေးတစ်ဦးတို့ကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေပြီး အရပ်သားသုံးဦးကိုလည်း တရားစွဲဆိုထားသည်။ လက်ရှိတောင်ကိုရီးယားသမ္မတသည် မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်သင့်မြတ်စေရေးအတွက် ကြိုးပမ်းနေစဉ် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက် သည်အထိ စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း The Bangkok Post သတင်းဌာနဖော်ပြချက်အရ သိရသည်။