“Naypyitaw State Academy မှာ ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာများထောက်ပံ့နိုင်ရန် မြန်မာ-အိန္ဒိယ MoU ရေးထိုး”
11 Feb
မြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယနိုင်ငံအစိုးရတို့ကြား Naypyitaw State Academy မှာ ဓာတ်ခွဲခန်းသုံး ပစ္စည်းကိရိယာများ ထောက်ပံ့နိုင်ရေးနားလည်မှုစာချွန်လွှာ(MoU)ကို ဖေဖော်ဝါရီလ ၉ ရက်နံနက်ပိုင်းက လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ချောချောစိန် က MoU ရေးထိုးနိုင်ခြင်းက မြန်မာနိုင်ငံ နှင့်အိန္ဒိယနိုင်ငံတို့ကြား မိတ်ဖက်ဆက်ဆံရေး၏ အဓိပ္ပာယ်ပြည့်ဝသောရလဒ်တစ်ခုဖြစ်ကာ စီမံကိန်းအား ထိရောက် စွာနှင့်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ကို ယုံကြည်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် MoU မှတစ်ဆင့် ရူပဗေဒနှင့် ဓာတုဗေဒဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ သုတေသနသုံးသိပ္ပံပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးကိရိယာများနှင့် အထောက်အကူပြု Software များအပါအဝင်ခေတ်မီပစ္စည်းကိရိယာများကို ပေးအပ် သွားမည်ဖြစ်၍ Naypyitaw State Academy ၏ သင်ကြားသင်ယူမှုနှင့် သုတေသနဆောင်ရွက်မှုများမှာ အထောက်အကူပြုရမယ်လို့ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur မှလည်း မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပေးနိုင်ရန်၊ နှစ်နိုင်ငံကြား ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာမှု ရှိလာစေရန်တို့အတွက် မြန်မာနိုင်ငံ၏ ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ သုတေသနလုပ်ငန်းများ အတွက် လိုအပ်မည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဟု ပြောကြားခဲ့ပါတယ်။ အဲဒီနောက် နားလည်မှုစာချွန်လွှာ(MoU)ကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့် နှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ (NVS 004)