“အာဆီယံမိတ်ဖက်နိုင်ငံများမှ ခရီးသွားဈေးကွက်ရရှိအောင် ပူးပေါင်းဆောင်ရွက်ကြရမည်”
11 Feb
မြန်မာနိုင်ငံအနေနဲ့ အာဆီယံ၏ မိတ်ဖက်နိုင်ငံများဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံများမှ ခရီးသွားဈေးကွက်ကို ရရှိနိုင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် က တိုက်တွန်းခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ မှာ အာဆီယံခရီးသွား လုပ်ငန်းဆိုင်ရာ စံနှုန်းဆုရရှိသူများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ် များ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး က တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက အာဆီယံဒေသတွင်းသို့ နိုင်ငံတကာခရီးသွားဧည့်သည် ရောက်ရှိမှုအနေနဲ့ ၂၀၂၄ ခုနှစ် မှာ ၁၃၈ သန်းနှင့် ၂၀၂၅ ခုနှစ်မှာ ၁၄၄ သန်း အသီးသီးတိုးတက်ဝင်ရောက် လည်ပတ်ကြသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ ခရီးသွားဧည့်သည်ဝင်ရောက်မှုအခြေအနေထက် ကျော်လွန်သွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် အာဆီယံဒေသတွင်းသို့ လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည် စုစုပေါင်းအရေအတွက်၏ ထက်ဝက်ခန့်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်လည်ပတ်မှုဖြစ်တဲ့အတွက် Intra-ASEAN ခရီးသွား လုပ်ငန်းများ၏ အရေးပါမှုကို သတိပြုမိစေလိုပြီး မြန်မာနိုင်ငံအနေနဲ့ ယင်းခရီးသွားဈေးကွက်ကို ရရှိနိုင်ရန်သာမက အာဆီယံ၏မိတ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံများမှ ခရီးသွား ဈေးကွက်ကို ရရှိနိုင်အောင် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ လာရောက်လည်ပတ်တဲ့ နိုင်ငံတကာခရီးသွားများကို ပြည့်စုံကောင်းမွန်သော ဝန်ဆောင်မှု၊ ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့်မားသော အတွေ့အကြုံကောင်းများ ဖန်တီးပေးနိုင်ရေးနှင့် လည်ပတ်ချင်စရာ ခရီးစဉ်ဒေသတစ်ခု ဖြစ်စေရေးတို့အတွက် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများနှင့်အညီလိုက်ပါ အကောင်အထည် ဖော်ဆောင်ရန် လိုအပ် ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ယခုနှစ်မှာ အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု ၂၄ ဆုရရှိခဲ့ပြီး ဆုများစတင် ပေးအပ်ချီးမြှင့်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှ ယနေ့အချိန်အထိ စုစုပေါင်းစံနှုန်းဆု ၁၅၈ ဆုကို နှစ်အလိုက် အသီးသီးရရှိထားပါတယ်။ (NVS 004)