“ပြည်ပမှ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းမှုအတွက် အခွန်ကင်းလွတ်ခွင့်ပြု”

11 Feb

ပြည်ပမှတင်သွင်းတဲ့ ဘက်ထရီမှလျှပ်စစ်စွမ်းအင်ကို ရယူအသုံးပြုသော အထူးလုပ်ငန်းသုံးယာဉ်များနှင့် စည်ပင်လုပ်ငန်းသုံးယာဉ်များ၊ ယန္တရားများနှင့် ယင်းတို့နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၁၉/၂၀၂၆ ဖြင့် ထုတ်ပြန်ကြေညာချက်အရ လျှပ်စစ်သုံးယာဉ်များအသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပမှ တင်သွင်းလာတဲ့ ဘက်ထရီမှလျှပ်စစ်စွမ်းအင်ကို ရယူအသုံးပြုသော အထူးလုပ်ငန်းသုံးယာဉ်များနှင့် စည်ပင် လုပ်ငန်းသုံးယာဉ်များ၊ ယန္တရားများနှင့် အဆိုပါယာဉ်၊ ယန္တရားများနှင့်စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ နည်းပညာပိုင်းဆိုင်ရာ ထောက်ခံချက်နှင့် စက်မှုဝန်ကြီးဌာန၏ ထောက်ခံချက်ပါရှိတဲ့ ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်း များအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်သွားမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရပါတယ်။ အဆိုပါ ကုန်ပစ္စည်းများတင်သွင်းလာပါက MACCS စနစ်၌ ကြေညာလွှာတင်သွင်းရာမှာ မြန်မာ့အကောက်ခွန် နှုန်းစာရင်း ၂၀၂၂ တွင် ပါရှိသည့် HS CODE များအလိုက် အကောက်ခွန်နှုန်းသုညရာခိုင်နှုန်း လျှော့ချခံစားနိုင်စေရန် အတွက် EBVD - EXEMPTION-BATTERY EV (MINISTRY) Exemption Code ကို အသုံးပြု၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်ထိ ကင်းလွတ်ခွင့်ရယူနိုင်ကြောင်း သိရပါတယ်။ယခုကြေညာချက်နှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက MACCS ဌာနခွဲ၏ Help Desk Section (ဖုန်း 01-379429) နှင့် ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

11 Feb

ADVERTISE HERE .