“ထိုင်းလွှတ်တော်အမတ်အသစ် ၁၀ ဦး တော်ဝင်ဥပဒေပြင်ဆင်ရန်ကြိုးပမ်းမှုဖြင့် စွပ်စွဲခံရ”
10 Feb
ထိုင်းနိုင်ငံ၏တော်ဝင်မိသားစုကိုဝေဖန်စော်ကားခြင်းမှ ကာကွယ်ထားသည့်ဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းမှု နှင့်ပတ်သက်၍ အသစ်ရွေးချယ်ခံထားရသော လွှတ်တော်အမတ် ၁၀ ဦးသည် ကျင့်ဝတ်ဆိုင်ရာစံနှုန်းများကို ဖောက်ဖျက်ခဲ့သည်ဟု အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (NACC) က ဖေဖော်ဝါရီလ ၉ ရက်တွင် စွပ်စွဲလိုက်သည်။ စွပ်စွဲခံရသူများတွင် အတိုက်အခံပါတီဖြစ်သည့် ပြည်သူ့ပါတီမှဝန်ကြီးချုပ်လောင်းလည်း ပါဝင်နေပြီး ၎င်းတို့သည် ပြစ်မှုထင်ရှားပါက နိုင်ငံရေးလုပ်ခွင့်တစ်သက်တာ ပိတ်ပင်ခံရနိုင်သည့်အန္တရာယ်နှင့်ရင်ဆိုင်နေရခြင်း ဖြစ်သည်။ NACC သည် အဆိုပါအမတ် ၁၀ ဦး အပါအဝင် အမတ်ဟောင်းနှင့်အမတ်သစ် စုစုပေါင်း ၄၄ ဦး၏အမှုကို တရားလွှတ်တော်သို့ ဖေဖော်ဝါရီလ ၉ ရက်တွင် လွှဲပြောင်းပေးပို့ထားသည်။ ၎င်းတို့အနေဖြင့် ပုဒ်မ ၁၁၂ ကို ပြင်ဆင် ရန် ဥပဒေကြမ်းတင်သွင်းခဲ့ခြင်းမှာ ဘုရင်စနစ်ကို ဦးထိပ်ထားသည့် ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ပျက်ကွက်ခြင်းဖြစ်ကြောင်းနှင့် ကြီးလေးသော ကျင့်ဝတ်ဖောက်ဖျက်မှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း NACC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။