“လျှို့ဝှက်နျူကလီးယားစမ်းသပ်မှု ပြုလုပ်သည်ဟုဆိုသော အမေရိကန်၏စွပ်စွဲချက်ကို တရုတ်ငြင်းဆို”

10 Feb

တရုတ်နိုင်ငံသည် လျှို့ဝှက်နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်နေသည်ဟူသော အမေရိကန်ပြည်ထောင်စု၏စွပ်စွဲချက်များကို တရုတ်အစိုးရက ပြင်းထန်စွာငြင်းဆို လိုက်သည်။ အမေရိကန်ပြည်ထောင်စု၏ စွပ်စွဲချက်များသည် အခြေအမြစ်မရှိဘဲ တရုတ်နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၉ ရက်တွင် တုံ့ပြန်ပြောဆို လိုက်ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နှစ်ပတ်လည်အစီရင်ခံစာတွင် တရုတ်နိုင်ငံရှိ စမ်းသပ်ကွင်း တစ်ခု၌ လှုပ်ရှားမှုများရှိနေပြီး ပေါက်ကွဲမှုအရှိန်ကို ထိန်းချုပ်စမ်းသပ်သည့်စံနှုန်းကို လိုက်နာခြင်းမရှိကြောင်း ဖော်ပြထားသည်။ သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တရုတ်နိုင်ငံသည် နျူကလီးယား စမ်းသပ်မှုပိတ်ပင်ရေးစာချုပ်ပါ ကတိကဝတ်များကို အပြည့်အဝလိုက်နာလျက်ရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် အတိအလင်းပြောသည်။ တရုတ်နိုင်ငံသည် ၁၉၉၆ ခုနှစ်မှစတင်၍ နျူကလီးယားစမ်းသပ်မှုများကို ဆိုင်းငံ့ထားပြီး ဖြစ်ကြောင်းနှင့် အမေရိကန်အနေဖြင့် အခြားနိုင်ငံများကိုလက်ညှိုးမထိုးမီ ကိုယ်တိုင်၏လက်နက်ထိန်းချုပ်ရေး ဆိုင်ရာမှတ်တမ်းများကို ပြန်လည်သုံးသပ်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။ ယခုကဲ့သို့ စွပ်စွဲချက်များသည် အင်အားကြီးနှစ်နိုင်ငံကြား တင်းမာမှုများကို ပိုမိုမြင့်တက်စေနိုင်သည်ဟု လေ့လာသူများက သုံးသပ်ထားကြောင်း AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။

10 Feb

ADVERTISE HERE .