“JLPT စာမေးပွဲ ထပ်တိုးစည်းကမ်းချက်များ ကြိုတင်အသိပေး”
10 Feb
၂၀၂၆ ခုနှစ် JLPT စာမေးပွဲ၏ စာဖြေခန်းသို့ရောက်ရှိချိန် သတ်မှတ်မှုအပါအဝင် ထပ်တိုးစည်းကမ်းချက်နှင့် ပတ်သက်၍ ဂျပန်ဖောင်ဒေးရှင်း ရုံးချုပ်မှ အကြောင်းကြားချက်အရ ကြိုတင်အသိပေးခြင်းကို ဖေဖော်ဝါရီလ ၉ ရက်မှာ MAJA (မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း) JLPT စာမေးပွဲကျင်းပရေးကော်မတီက အသိပေးထုတ်ပြန် ပါတယ်။ ဇူလိုင်လမှာ ဖြေဆိုမယ့် JLPT စာမေးပွဲမှာ စာဖြေသူများအာလုံး စာဖြေခန်းထဲသို့ရောက်ရှိရမည့် “Check-in Time” အချိန်ကို N1, N2 Level စာဖြေသူများအတွက် မနက် ၈ နာရီ မှ မနက် ၈ နာရီ ၄၅ မိနစ်အတွင်း၊ N3, N4, N5 Level စာဖြေသူများအတွက် မနက် ၁၀ နာရီမှ မနက် ၁၀ နာရီ ၄၅ မိနစ် အတွင်းဟု သတ်မှတ်ထားကြောင်း သိရပါတယ်။ အဆိုပါသတ်မှတ်ချိန်များကိုလည်း စာဖြေသူများ၏ test voucher နောက်ကြောဘက်မှာလည်း ဖော်ပြထားမည်ဖြစ်ကြောင်း သိရပါတယ်။ စာမေးပွဲစတင်ဖြေဆိုချိန်မှစတင်ပြီး ၁၀ မိနစ်အတွင်း နောက်ကျရောက်ရှိ သူများကိုလည်း ယခင်က ဝင်ခွင့်ပြုခဲ့တဲ့ စည်းမျဉ်းကိုလည်း လာမည့် ၂၀၂၆ ဇူလိုင်လ စာမေးပွဲမှစတင်ပြီး ပယ်ဖျက် ထားပြီးဖြစ်ကြောင်း ဖြေဆိုချိန် “Check-in Time” အတွင်းမရောက်ရှိပါက ဖြေဆိုခွင့်ပြုမည် မဟုတ်ကြောင်း MAJA က အသိပေးထားပါတယ်။ အဆိုပါ “Check-in Time” ပြီးဆုံးတဲ့ အချိန်မှ Listening ပြီးဆုံးဖြေဆိုတဲ့အချိန်ကို စာမေးပွဲဖြေဆိုချိန် အဖြစ်သတ်မှတ်ထားပြီး၊ နားချိန်များအပါအဝင် စာမေးပွဲဖြေဆိုချိန်အတွင်း အီလက်ထရွန်နစ်ကိရိယာများ မည်သည့် အမျိုးအစားကိုမျှ အသုံးပြုခွင့်မရှိကြောင်းနှင့် မီးလင်းနေတဲ့ သို့မဟုတ် အသုံးပြုနေတဲ့ အီလက်ထရွန်နစ် ကိရိယာများ တွေ့ရှိပါက စာမေးပွဲစည်းကမ်းဖောက်ဖျက်သူ (Misconduct)အဖြစ် သတ်မှတ်ကာ စာမေးပွဲရလဒ်ထွက်ရှိပေးမည် မဟုတ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မူလသတ်မှတ်ချက်များအပြင် လျှောက်ထားသူတစ်ဦးသည် ယခင်က ပြင်းထန်သောမသမာမှုများ ဆောင်ရွက်ခဲ့သည် သို့မဟုတ် ဂျပန်ဖောင်ဒေးရှင်းမှ စီစဉ်သောစာမေးပွဲများ (JFT-Basic အပါအဝင်)တွင် ထိခိုက်နစ်နာမှု ဖြစ်စေခဲ့သည်ဟု သတ်မှတ်ပါက ဂျပန်ဖောင်ဒေးရှင်းက JLPT စာမေးပွဲဝင်ခွင့်ကို ပယ်ဖျက်နိုင်တဲ့ စည်ကမ်းတိုးမြှင့်သတ်မှတ်ထားကြောင်းလည်း MAJA က အသိပေးချက်ထုတ်ပြန်ထားပါတယ်။ ၂၀၂၆ ခုနှစ် ဇူလိုင်လစာမေးပွဲအတွက် စည်းကမ်းချက်အသစ်ကြေညာချက်များကို JLPT Official Website မှာ လည်း လေ့လာနိုင်ကြောင်း အသိပေးထားပါတယ်။ (NVS 004)