“သီရိဇေယျကျော်တံဆိပ်ကို ဂျပန်နိုင်ငံကောင်စစ်ဝန် ၂ ဦးအား အပ်နှင်း”

10 Feb

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ‌ချီးမြှင့်ပေးအပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာဂုဏ်ထူးဆောင် သီရိဇေယျကျော်တံဆိပ်ကို ဂျပန်နိုင်ငံကောင်စစ်ဝန် ၂ ဦး ရရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရပါတယ်။ အဆိုပါ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် သီရိဇေယျကျော်တံဆိပ်ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်မှာ တိုကျိုမြို့၊ မြန်မာသံရုံးရှိ ဧရာဝတီခန်းမမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဂုဏ်ထူးဆောင် တံဆိပ်ကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး၊ ဦးကျော်ထွန်းက နာဂိုယာမြို့ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Toshio Nishimura နှင့် ကိုဘေးမြို့ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Noriatsu Otomori တို့ကို ယာယီသမ္မတကြီးကိုယ်စား ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါတံဆိပ်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်(အမျိုးသားနေ့)မှာ ချီးမြှင့်အပ်နှင်းခဲ့တဲ့ ဆုတံဆိပ်များ ဖြစ်ပါတယ်။ သီရိဇေယျကျော်တံဆိပ် ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားသို့ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးနှင့်ဇနီး၊ မြန်မာ နိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ၂ ဦးနှင့် ၎င်းတို့၏ဇနီးများ၊ စစ်သံမှူးနှင့်ဇနီး၊ မြန်မာသံရုံးဝန်ထမ်းများနှင့် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)

10 Feb

ADVERTISE HERE .