“မုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံကို မြန်မာနိုင်ငံက ဆန်တန်ချိန် ၅၀၀ လှုဒါန်း”

10 Feb

ဒီဝါဆိုင်ကလုန်းမုန်တိုင်းဒဏ် ထိခိုက်ခံစားခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံပြည်သူများအတွက် မြန်မာနိုင်ငံက လှုဒါန်း တဲ့ ဆန်တန်ချိန် ၅၀၀၊ အိတ် ၁၀,၀၀၀ ကို ဖေဖော်ဝါရီလ ၉ ရက်မှာ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါဆန်တန်ချိန် ၅၀၀ ကို သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း၌ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာသံ အမတ်ကြီး ဒေါ်မာလာသန်းထိုက် က သီရိလင်္ကာကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာ ဝါဆန်သာ ဆာမာရာဆင်ဟဲ ထံသို့ ဆန်အိတ်များ လွှဲပြောင်းပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ သီရိလင်္ကာကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးက မြန်မာနိုင်ငံမှ ဆန်လှူဒါန်းမှုကို ကျေးဇူးတင်ရှိကြောင်းနှင့် နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားသို့ သီရိလင်္ကာနိုင်ငံခြားရေး၊ ပြည်ပအလုပ်အကိုင်ရေးရာနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စချာမာရီ ရိုဒီရေဂို၊ သီရိလင်္ကာဘေးအန္တရာယ်စီမံခန့်ခွဲရေး စင်တာနှင့် ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများနှင့် မြန်မာသံရုံး၊ ကိုလံဘိုမြို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ (NVS 004)

10 Feb

ADVERTISE HERE .