“အင်းလေးကန် မတိမ်ကောစေရေးနှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်မပျက်သုဉ်းစေရေးလုပ်ဆောင်ရန်လိုအပ်”
10 Feb
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် မတိမ်ကောစေရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်မပျက်သုဉ်းစေရေး လုပ်ဆောင်ကြရန်လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ဖေဖော်ဝါရီလ ၈ ရက် ကလောအင်းလေးခရီးစဉ်အတွင်း သက်ဆိုင်ရာဒေသတွင်းတာဝန်ရှိသူများနှင့် တွေ့ဆုံစဥ် တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒါကြောင့် အင်းလေးကန်မတိမ်ကောစေရန် ကန်ရေပြင်ကျယ်အတွင်းနှင့် စက်လှေရေလမ်းကြောင်း တစ်လျှောက် ဗေဒါများ၊ ကျွန်းမျောဟောင်းများ ဆယ်ယူရေးဆောင်ရွက်ရမည့်လုပ်ငန်းများကို အစဉ်တစိုက် ပြုလုပ် ကြရန် မှာကြားခဲ့ပါတယ်။ အဲဒီနောက်အင်းလေးကန်မြောက်ဘက်မှ တစ်နှစ်ပတ်လုံးစီးဝင်လျက်ရှိတဲ့ နမ့်လတ်ချောင်း ကို အုတ်ဖိုရွာအနီးမှာ ကျောက်စီရေလွှဲဆည်တည်ဆောက်ရေလွှဲယူ၍ နုန်းစစ်အနည်ထိုင်စေခြင်းနဲ့ အင်းလေးကန် အတွင်း နုန်းများတိုက်ရိုက်ဝင်ရောက်မှုမှကာကွယ်ရန် တည်ဆောက်ထားတဲ့ နဒီကန်နှင့် သာစည်ကန်တို့ကို ကြည့်ရှု စစ်ဆေးပြီးနောက် ဆယ်ယူရရှိသောနုန်းများကို တောင်သူများ၏ စိုက်ပျိုးမြေများမှာ ပြန်လည်အသုံးချဆောင်ရွက် နိုင်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)