“ကချင်ပြည်နယ်မှာ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဆောင်ရွက်နေ”

10 Feb

ကချင်ပြည်နယ်မှာ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဗလမင်းထင်တံတားအောက် သဲသောင် တူးခြင်းလုပ်ငန်း ဆောင်ရွက်နေကြောင်း ပြည်နယ်အစိုးရသတင်းများအရ သိရပါတယ်။ အထူးသဖြင့် မြစ်ကြီးနားမြို့က နှစ်စဉ်မိုးရာသီမှာ ရေကြီးရေလျှံမှုဖြစ်ပွားမှုဒဏ်ကို ခံရလေ့ရှိသဖြင့် မြို့ရေကြီး ရေလျှံမှုမှ ကာကွယ်နိုင်ရေး အဓိကလုပ်ငန်းစီမံကိန်းများအနက် ရေလမ်းကြောင်းကောင်းမွန်ရေးအတွက် မြစ်ကြောင်း ရှင်းလင်းရေးလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဗလမင်းထင်တံတားအောက်ရှိ သဲသောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်နေပြီး ပတ်ဝန်းကျင်လူထုထိခိုက်မှုမရှိစေရန်အတွက်လည်း ဆောင်ရွက်နေကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်က ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်းအတွင်း သဲကျောက်တင် ယာဉ်များ ရွေ့ပြောင်းသွားလာရာမှာ မြို့တွင်းလမ်းများ ပျက်စီးမှုမရှိစေရေး သတ်မှတ်တန်ချိန်အတိုင်း တင်ဆောင် သွားလာရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် မြို့နေလူထုထိခိုက်မှု မရှိ‌စေရေး အလေးထားလုပ်ဆောင်ကြရန် မှာကြားခဲ့ပါတယ်။ (NVS 004)

10 Feb

ADVERTISE HERE .