“အိန္ဒိယနှင့်မလေးရှားနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် သဘောတူ”
09 Febအိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီသည် မလေးရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် သွားရောက်ပြီး ဖေဖော်ဝါရီလ ၈ ရက်တွင် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင် နှင့်တွေ့ဆုံကာ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် လုံခြုံရေးနယ်ပယ်တို့၌ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် အတည်ပြု သည်။ ယခုတွေ့ဆုံမှုသည် နှစ်နိုင်ငံအကြား တည်ရှိပြီးသားဖြစ်သည့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံ ရေးကို လက်တွေ့ကျကျအကောင်အထည်ဖော်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် ခေါင်းဆောင်နှစ်ဦးသည် ကုန်သွယ်ရေးနှင့်နည်းပညာကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ၁၁ ခုကို လက်မှတ် ရေးထိုးသည်။ အထူးသဖြင့် နှစ်နိုင်ငံကုန်သွယ်မှု၌ ဒေသတွင်းသုံးငွေကြေးများဖြစ်သည့် ရူပီးနှင့်ရင်းဂစ်တို့ကို အသုံးပြုရန် သဘောတူညီချက်ရရှိခြင်းမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် အရေးပါသောခြေလှမ်းတစ်ခု ဖြစ်သည်။ ထို့ပြင် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍများတွင်လည်း အပြန်အလှန် အကူအညီပေးသွားရန် ကတိပြုသည်။ ကုန်သွယ်ရေးနှင့်အတူ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ရေကြောင်းလုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ထောက်လှမ်းရေးသတင်းဖလှယ်ရေး လုပ်ငန်းစဉ် များကို ပိုမိုမြှင့်တင်ရန် အိန္ဒိယဝန်ကြီးချုပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့က သဘောတူကြောင်း ဒေသတွင်းသတင်းဌာန များက ဖော်ပြထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။