“ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ထိပ်သီးအစည်းအဝေးကို ဖေဖော်ဝါရီလအတွင်း ပြုလုပ်ရန် အိမ်ဖြူတော် စီစဉ်”
09 Feb
ငြိမ်းချမ်းရေးဘုတ်အဖွဲ့အတွက် ခေါင်းဆောင်များအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပြုလုပ်သွား ရန် အိမ်ဖြူတော်က စီစဉ်ထားသည်ဟု အမေရိကန်မီဒီယာဖြစ်သည့် အက်ဇီယိုတွင် ဖေဖော်ဝါရီလ ၇ ရက်က ဖော်ပြထားသည်။ အဆိုပါအစည်းအဝေးသည် ဂါဇာဒေသပြန်လည်တည်ဆောက်ရေးအတွက် ပထမဆုံးအကြိမ် ပြုလုပ်သည့် အစည်းအဝေးနှင့် ရန်ပုံငွေညီလာခံတစ်ခုလည်းဖြစ်မည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောသည်။ အဆိုပါအစည်းအဝေးကို အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျုတွင် ပြုလုပ်ရန်စီစဉ်ထားပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် ဖေဖော်ဝါရီလ ၆ ရက်ကတည်းက ခေါင်းဆောင်များ တက်ရောက်ရန်အတွက် နိုင်ငံအတော်များများကို ဖိတ်ကြားခဲ့သည်ဟု အက်ဇီယိုတွင် ဖော်ပြထားသည်။ ထိပ်သီးအစည်းအဝေးအတွက် အစီအစဉ်များမှာ ကနဦးအဆင့်တွင်သာရှိသေးပြီး ပြောင်းလဲနိုင်သေးသည်ဟု အက်ဇီယိုတွင် ဖော်ပြထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အိမ်ဖြူတော်ကလည်း မှတ်ချက်မပေးခဲ့ချေ။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် သည် ဇန်နဝါရီလ ၂၂ ရက် က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို စတင်ခဲ့သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။