“တာချီလိတ်-မယ်ဆိုင်လမ်းကြောင်းကို Transit လမ်းကြောင်းအဖြစ်အသုံးပြုရန် ဆွေးနွေး”

09 Feb

နိုင်ငံတကာကုန်စည်ပို့ဆောင်မှုပမာဏကို တိုးမြှင့်စေရေးအတွက် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်-မယ်ဆိုင် လမ်းကြောင်းကို Transit လမ်းကြောင်းအဖြစ် အသုံးပြုရန် မြန်မာ-ထိုင်းနှစ်နိုင်ငံ တာဝန်ရှိသူများအနေနဲ့ ဖေဖော်ဝါရီလ ၆ ရက်မှာ တာချီလိတ်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာန၊ အမျိုးသားစိုက်ပျိုးရေးကုန်စည်နှင့် စားနပ်ရိက္ခာစံချိန်စံညွှန်းဗျူရိုအကြံပေးတို့ မှ တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့ရှိ R3B route ၏ အစိတ်အပိုင်းဖြစ်သော မယ်ဆိုင်-တာချီလိတ်-ကျိုင်းတုံ-တာဖျင်-မိုင်းလား လမ်းကြောင်းအသုံးပြု၍ ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ သစ်သီးဝလံများ တင်ပို့ရာမှာ သတ်မှတ်ထားတဲ့ အပင်ပိုးမွှားရောဂါကင်းရှင်းရေး စစ်ဆေးမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်းနိုင်ရေးကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ IPPC ၏ International Standard for Phytosanitary Measure (ISPMs) နှင့်အညီတင်ပို့နေသော သီးနှံအမျိုးပေါင်း ၁၆ မျိုးအနက် အများဆုံးတင်ပို့သည့် ပြောင်း၊ မတ်ပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ဆန် များကို အဆင်ပြေချောမွေ့စွာတင်ပို့နိုင်ရန်၊ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ဖြတ်သန်း၍ တရုတ်နိုင်ငံသို့ သီးသီးဝလံများတင်ပို့ရာတွင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကြားစခန်းများမှာ ခေတ္တရပ်နားပြီး တစ်ဖက်နိုင်ငံသို့ တင်ပို့ရာ၌ ဌာန၏လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ မယ်ဆိုင်-တာချီလိတ်-ကျိုင်းတုံ-တာဖျင်-မိုင်းလား လမ်းကြောင်းကို အသုံးပြုခြင်းဖြင့် နိုင်ငံတကာကုန်စည် ပို့ဆောင်မှုပမာဏ တိုးမြှင့်စေမည်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍများမှာ စီးပွားရေးကဏ္ဍပိုမိုမြင့်မားလာခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဂိုဒေါင်စီမံခန့်ခွဲမှုကဲ့သို့ ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာအထောက်အကူပြု စီးပွားရေးကဏ္ဍများတိုးချဲ့လာနိုင်ခြင်း၊ နှစ်ဖက်နယ်စပ်ဒေသတွင် နေထိုင်သူ များအတွက် အလုပ်အကိုင်ဖန်တီးမှုနှင့် ဝင်ငွေတိုးပွားလာစေခြင်း အကျိုးကျေးဇူးများရရှိလာမှာဖြစ်ပါတယ်။ (NVS 004)

09 Feb

ADVERTISE HERE .