“(၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့်သိပ္ပံပွဲတော်ဆုချီးမြှင့်ပွဲကျင်းပ”

09 Feb

မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီလ ၇ ရက်က ရန်ကုန်တက္ကသိုလ်သုတေသနနှင့် ဆန်းသစ်တီထွင်မှုစင်တာမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါဆုချီးမြှင့်ပွဲအခမ်းအနားမှာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က ဂုဏ်ပြု အားပေးစကားပြောကြားပြီး ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့က ပညာရှင်အဖွဲ့ဆု(Academy Award)ရရှိကြသူများကို ဆုများပေးအပ်ခဲ့ပြီး အကောင်းဆုံးသုတေသနစာတမ်းဆု (Best Paper Award)မှာ ဘာသာရပ်အလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ သိပ္ပံပွဲတော်အကောင်းဆုံး Logo ဆု၊ အကောင်းဆုံးပိုစတာဆုနှင့် အကောင်းဆုံးသိပ္ပံပြခန်းဆု စတဲ့ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့တဲ့အပြင် နိုင်ငံခြားသား စာတမ်းရှင်များကိုလည်း ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ကို ဖေဖော်ဝါရီလ ၅ ရက်မှ ၇ ရက်အထိကျင်းပခဲ့ပြီး ပြည်တွင်း၊ပြည်ပတက္ကသိုလ်အသီးသီးမှ သုတေသန ပညာရှင်များက လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍများရှိ ဘာသာရပ် ၃၃ မျိုးမှာ သုတေသနစာတမ်း ၃၁၂ စောင်နှင့် နိုင်ငံခြားစာတမ်း ၁၅ စောင်ကို ဖတ်ကြားတင်သွင်းခဲ့ကြကာ ရွေးချယ်ခံရသော ပညာရှင်အဖွဲ့ဆုများ၊ အကောင်းဆုံးသုတေသနစာတမ်းဆုများနှင့် ဘာသာရပ်အလိုက် သုတေသနစာတမ်းဆုများကို စုစည်းတည်းဖြတ်၍ သုတေသနဂျာနယ်အဖြစ် ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

09 Feb

ADVERTISE HERE .