“ယာယီသမ္မတက ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကို ဖွင့်လှစ်ပေးခဲ့”
09 Feb
နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ကျင်းပနေတဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီလ ၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နေပြည်တော်ပြည်သူ့ရင်ပြင်မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ နိုင်ငံတော်ယာယီသမ္မတမှ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနား မုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ အဲဒီနောက် နိုင်ငံတော်ယာယီသမ္မတက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် အခမ်းအနားဂုဏ်ပြုတေးသီချင်းဖြစ်တဲ့ "စက်မှုကုန်စည်ပြပွဲဆီ" သီချင်းနှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၏ ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ခင်းကျင်းပြသထားတဲ့ ပြည်ထောင်စု ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဒေသထွက်ကုန်ပစ္စည်းများပြခန်းနှင့် အရောင်းပြခန်း များ၊ MSME လုပ်ငန်းရှင်များ၏ MSME ထုတ်ကုန်ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် ကြည့်ရှုလေ့လာခဲ့ ပါတယ်။ ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကကျောရိုးဖြစ်တဲ့ MSME များကို အားပေး မြှင့်တင်ခြင်းနဲ့ နိုင်ငံသားတို့၏ လူမှုစီးပွားဘဝမြှင့်မားလာစေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှ ကုန်ကြမ်း များကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်စေရန်၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေး ခြင်းနဲ့ ပြည်တွင်းစီးပွားရေးကို အားပေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များကို လျှော့ချရေးနှင့် သွင်းကုန်အစားထိုး ထုတ်လုပ်လာနိုင်စေရန်၊ ပြည်တွင်းစီးပွားရေးကောင်းမွန်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းပေါများလာစေရန်၊ ဒေသအလိုက်ဒေသတစ်ခုထုတ်ကုန်တစ်ခု(OROP)အစီအစဉ်များ အောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များနှင့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်းဆောင်ရွက်လာစေရန် ရည်ရွယ်ချက်များနဲ့ ကျင်းပခြင်းဖြစ်ပါတယ်။ ပြပွဲကြောင့် စီးပွားရေးဖွံ့ဖြိုးမှုသက်သက်သာမက ဒေသအသီးသီးမှ လုပ်ငန်းရှင်အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ ရိုင်းပင်းကူညီမှု၊ ရိုးရာဓလေ့ယဉ်ကျေးမှုများ၊ ဗဟုသုတများဖလှယ်ရရှိမှု၊ ဈေးကွက်ချိတ်ဆက် နိုင်မှု၊ ပြည်တွင်းထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးတက်ထုတ်လုပ်နိုင်ခြင်းနဲ့ ပြည်ပဈေးကွက်သို့ ချိတ်ဆက်နိုင်မည့် အကျိုးကျေးဇူးများရရှိနိုင်မှာ ဖြစ်ပါတယ်။ ပြပွဲ၌ ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ပြည်နယ် MSME ထုတ်ကုန်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာရောင်းချသည့်ဆိုင်ခန်းများ၊ လုပ်ငန်း/စီးပွားချိတ်ဆက်မှုများ၊ နည်းပညာပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်း များ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး လျှပ်စစ်သုံးမော်တော်ယာဉ်/မော်တော်ဆိုင်ကယ်/ သုံးဘီးဆိုင်ကယ်ပြခန်းများ၊ အထည်ချုပ်ပြခန်းများ၊ ကုမ္ပဏီပြခန်းများအပါအဝင် ပြခန်းပေါင်း ၁၂၀ ကျော်မှ ဖေဖော်ဝါရီလ ၁၃ ရက်အထိ ခင်းကျင်းပြသရောင်းချသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြပွဲကာလအတွင်း၌ နိုင်ငံကျော်အနုပညာရှင်များမှ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်၍ လွတ်လပ်စွာ လာရောက်လေ့လာဝယ်ယူနိုင်ကြောင်း သိရပါတယ်။ (NVS 004)