“၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွက် ဆိပ်ကမ်း ၁၄ ခု၏ ဆိပ်ကမ်းကပ်ခအခွန်များအတွက် အိတ်ဖွင့်လေလံခေါ်ယူ”
09 Feb
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေနဲ့ ၂၀၂၆ -၂၇ ဘဏ္ဍာရေးနှစ်အတွက် ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ပေါ်ရှိ ဆိပ်ကမ်း ၁၄ ခု၏ ဆိပ်ကမ်းကပ်ခ အခွန်များကို အိတ်ဖွင့်လေလံခေါ်ယူထားပါတယ်။ အဆိုပါ အိတ်ဖွင့်လေလံခေါ်ယူချက်အရ ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၆)၊ စစ်ကိုင်းတိုင်းဒေသကြီးရုံး၊ မုံရွာမြို့မှ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ်အတွက် ချင်းတွင်းမြစ်ပေါ်ရှိ မုံရွာ၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး စသည့် ဆိပ်ကမ်း ၈ ခုနှင့် ဧရာဝတီမြစ်ပေါ်ရှိ မြင်းမူ၊ စစ်ကိုင်း၊ မင်းကွန်း၊ မောင်းကုန်း၊ ထီးချိုင့်၊ ကသာ စတဲ့ ဆိပ်ကမ်း ၆ ခုတို့၏ မြို့ဆိပ်ကမ်းများအလိုက် ဆိပ်ကမ်းကပ်ခ အခွန်များကို အိတ်ဖွင့်လေလံခေါ်ယူထားခြင်းဖြစ်ပြီး လေလံဝယ်ယူနိုင်ရန် ဖိတ်ခေါ်ထားပါတယ်။ စိတ်ပါဝင်စားတဲ့လုပ်ငန်းရှင်များအနေနဲ့ လေလံလျှောက်လွှာများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၆)၊ စစ်ကိုင်းတိုင်းဒေသကြီးရုံး၊ မုံရွာမြို့တွင် ယခု ဖေဖော်ဝါရီလ ၄ ရက်မှစတင်၍ ရောင်းချပေးနေပြီး လာမည့်မတ်လ ၄ ရက်မှာ လျှောက်လွှာများကို နောက်ဆုံးထားပိတ်သိမ်းမည်ဖြစ်ကြောင်း သိရပါတယ်။ လေလံလျှောက်ထားသူများအနေနဲ့လည်း လေလံစပေါ်ငွေကို မတ်လ ၅ ရက်မှာ နောက်ဆုံးထားတင်သွင်း ရမည်ဖြစ်ကြောင်း၊ အိတ်ဖွင့်လေလံလျှောက်လွှာပုံစံ၊ လေလံစည်းကမ်းချက်များနှင့် ကျန်အသေးစိတ်အချက်အလက် များကို သိရှိလိုပါက ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း သိရပါတယ်။ (NVS 004)