၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား၌ အကယ်ဒမီဆု စုစုပေါင်း ၁၈ ခု ပေးအပ် ချီးမြှင့်ခဲ့

08 Feb

၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်၊ ညပိုင်းက နေပြည်တော်ရှိ MICC (1) တွင် ကျင်းပခဲ့ပြီး ရုပ်ရှင်တစ်သက်တာဆု ၃ ဆုအပါအဝင် အကယ်ဒမီဆု စုစုပေါင်း ၁၈ ခုကို ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်တစ်သက်တာဆု ၃ ဆုချီးမြှင့်ရာတွင် ဦးဌေးအောင်၊ဒေါ်ခင်လေးဆွေနှင့် ဦးကြည်စိုးထွန်းတို့က ရရှိခဲ့ပါပြီး ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်ဓာတ်ပုံဆုကို အကယ်ဒမီဆုများ ပေးအပ်ချီးမြှင့်ရာ သားကျော်က “နှင်းပွင့်စေရာ” ဇာတ်ကားဖြင့်လည်းကောင်း၊ အကောင်းဆုံးရုပ်ရှင်နောက်ခံတေးဂီတဆုကို ဟန်ထူးဇင် က “မြစ်လက်တက်ပေမဲ့ရေစီးကကြမ်းတယ်” ဇာတ်ကားဖြင့်လည်းကောင်း ၊ အကောင်းဆုံး ရုပ်ရှင် အသံဆုကို ကိုဂျိုးက နတ်ဝင်သည်ဇာတ်ကားဖြင့် လည်းကောင်း၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုကို ခွန် က “မြို့ပြထဲက လမ်းမ” ဇာတ်ကားဖြင့်လည်းကောင်း၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုကို သီလံက “မောင့်မိဖုရား” ဇာတ်ကားဖြင့်လည်းကောင်း၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို “ပန်းမြိုင်လယ်မှဥယျာဉ်မှူး” ဇာတ်ကားဖြင့် လည်းကောင်း အသီးသီးရရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆုကို ဒါရိုက်တာ ဩရသ က “ဗြောသံ” ဇာတ်ကားဖြင့် ရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ခိုင်နှင်းဝေက “မောင့်မိဖုရား”ဇာတ်ကားဖြင့် လည်းကောင်း ၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို နေမျိုးအောင် က “မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်” ဇာတ်ကားဖြင့် လည်းကောင်း၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရတနာဗို က “မောင့်မိဖုရား ” ဇာတ်ကားဖြင့် လည်းကောင်း၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို မြင့်မြတ် က “မြေစာ” ဇာတ်ကားဖြင့် လည်းကောင်း အသီးသီးရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတက်ရောက်လာသူများအနက် အကောင်းဆုံး ဝတ်စားဆင်ယင်မှုဆုများအဖြစ် အကောင်းဆုံးအမျိုးသားဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ နေတိုး၊ အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှုအကြီးတန်းဆုကို အကယ်ဒမီ မေသန်းနု၊ အကောင်းဆုံး အမျိုးသား ဝတ်စားဆင်ယင်မှုဆုကို ကောင်းမြတ်စံနှင့် အကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ယင်မှုဆုကို ရတနာဗိုတို့က အသီးသီးရရှိခဲ့ပါတယ်။ (NVS 004)

08 Feb

ADVERTISE HERE .