ယူကရိန်းနိုင်ငံအပေါ် အကြီးအကျယ်လက်တုံ့ပြန်တိုက်ခိုက်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်
08 Feb
ရုရှားစစ်ဘက်သည် ယူကရိန်းနိုင်ငံ၏စွမ်းအင်ကဏ္ဍနှင့်စစ်ဘက်ဆိုင်ရာအခြေခံ အဆောက်အအုံများကို ပစ်မှတ်ထား၍ အကြီးစားလက်တုံ့ပြန်တိုက်ခိုက်မှုတစ်ရပ်ကို ဖေဖော်ဝါရီလ ၇ ရက်တွင် လုပ်ဆောင်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် ယူကရိန်းဘက်မှ ရုရှား ပိုင်နက်အတွင်းသို့ တိုက်ခိုက်ခဲ့မှုများအပေါ်တုံ့ပြန်ခြင်းဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ ရုရှားတပ်ဖွဲ့များသည် ခရုစ်ဒုံးကျည်များ၊ ဒရုန်းများနှင့်တာဝေးပစ်လက်နက်များသုံး၍ ယူကရိန်းနိုင်ငံတစ်ဝန်းရှိ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစခန်းများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ဆက်သွယ်ရေးဗဟိုဌာနများကိုထိမှန်အောင်ပစ်ခတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားသည်။ ယင်းသို့တိုက်ခိုက်ခြင်းဖြင့် ယူကရိန်း၏ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများနှင့်လက်နက်ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့်ဟန့်တားနိုင်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနကအတည်ပြုသည်။ ထို တိုက်ခိုက်မှုကြောင့် ယူကရိန်းမြို့ကြီးအချို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်သည်။ ထို့ပြင် ယခုပြုလုပ်သော တိုက်ခိုက်မှုသည် ရုရှားတပ်မတော်၏နည်းဗျူဟာမြောက်စီမံချက်တစ်ခုဖြစ်ပြီး နယ်စပ်ဒေသ လုံခြုံရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်ဟု RT သတင်း ဌာနဖော်ပြချက်အရ သိရသည်။