မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ တက်ရောက်ချီးမြှင့်
07 Feb
မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းတွင် ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တပ်မတော်အရာရှိကြီးများနှင့် တံတားဆောက်လုပ် ရာတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီများနှင့် ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အင်ဂျင်နီယာများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားကြီး တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သည့်အတွက် ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့များကို လွယ်ကူလျင်မြန်စွာ သွားလာ နိုင်မည်ဖြစ်သလို ထိုမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့များသို့လည်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မှာ ဖြစ်ပါတယ်။ ဒလမြို့သည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ကို ဆက်သွယ်ထားသည့် ဝင်ပေါက် မြို့တစ်မြို့ဖြစ်လာပြီး ဒေသအတွင်းက ထုတ်ကုန်များကို ကုန်းလမ်းမှ အချိန်တိုအတွင်း သယ်ယူပို့ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေးဒရဲတံတားမှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများ အပါအဝင် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့များကိုလည်း လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွားလာနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့လယ် ဧရိယာနှင့် ကုန်းလမ်းဆက်သွယ်ရေး တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်နိုင်ပြီဖြစ်လို့ ဒလမြို့အပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့များသို့လည်း မြို့ပြအသွင်ဆောင်ပြီး တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ အဆိုပါ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ ကိုရီးယားသမ္မတနိုင်ငံသို့ချစ်ကြည်ရေး ခရီးစဉ်သွားရောက်ချိန်အတွင်း နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား စီမံကိန်းတစ်ခုကိုဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် နှစ်နိုင်ငံတာဝန်ရှိသူများတွေ့ဆုံပြီး ကိုရီးယားသမ္မတနိုင်ငံ၏ Economic Development Cooperation Fund(EDCF) ချေးငွေဖြင့် ရန်ကုန်မြစ်ပေါ်တွင် မြစ်ကူးတံတားကြီးတစ်စင်း တည်ဆောက်နိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးအတည်ပြုခဲ့ကြပါတယ်။ တံတားစီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုကို ကိုရီးယားသမ္မတနိုင်ငံ၏အကူအညီဖြင့် ၂၀၁၃ ခုနှစ် ဧပြီလ အတွင်း စတင်ဆောင်ရွက်ခဲ့ကာ တံတားပုံစံထုတ်လုပ်ရာတွင် အသုံးပြုသည့် စံချိန်စံညွှန်းများသည် မြန်မာနိုင်ငံ၏ လမ်းများနှင့် ယာဉ်သွားလာမှုအခြေအနေများ၊ ဘူမိဗေဒနှင့် မြေခံနိုင်ရည်စွမ်းအား၊ လူမှုရေး၊ စီးပွားရေးစသည်များနှင့် သဟဇာတဖြစ်စေရန် ပေါင်းစပ်ရွေးချယ်ထုတ်လုပ်ခဲ့ပါတယ်။ တံတားစီမံကိန်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ မေလ ၂၇ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ပင်မတံတား၏ လျှောစောက်(Gradient) ၅ ဒသမ ၉၅ ရာခိုင်နှုန်းရှိပြီး အရှည်မှာ ၆၁၂၇ ပေ၊ တံတားအကျယ် စုစုပေါင်း ၇၉ ပေရှိပြီး ၁၁ ပေ ၆ လက်မအကျယ် ယာဉ်သွားလမ်း ၄ လမ်းနှင့် ၆ ပေ၊ ၆ လက်မအကျယ် လူသွားလမ်း ၂ ဖက်ပါရှိပြီး တံတားခွင့်ပြုတန်ချိန်မှာ ယာဉ်တစ်စီးချင်းအလိုက် ၇၅ တန်ဖြစ် ကြောင်း၊ တံတားဘေးတစ်ဖက်စီတွင် ရန်ကုန်မြို့မှ ဒလမြို့သို့ သောက်သုံးရေပေးဝေနိုင်ရေး ၁ပေ၊ ၆ လက်မအချင်းရှိ ရေပိုက်များကိုလည်း တပ်ဆင်ဆောင်ရွက်ထား ကြောင်းသိရပါတယ်။(NVS 004)