ပဋိပက္ခတင်းမာနေစဉ် အမေရိကန်နှင့် အီရန်တို့ အိုမန်နိုင်ငံ၌ အရေးကြီးသော ဆွေးနွေးပွဲများစတင်
07 Feb
အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် တင်းမာမှုများ မြင့်တက်နေသည့်ကြားမှ အရေးကြီးသော ဆွေးနွေးပွဲများကို အိုမန်နိုင်ငံ၌ ဖေဖော်ဝါရီလ ၆ ရက်တွင် စတင်ပြုလုပ်နေပြီဖြစ်သည်။ အဆိုပါဆွေးနွေးပွဲကို အိုမန်နိုင်ငံခြားရေးဝန်ကြီးက ကြားခံစေ့စပ်ညှိနှိုင်းပေးနေခြင်းဖြစ်ပြီး အမေရိကန်မှ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် စတိဝစ်ကော့ နှင့် အိမ်ဖြူတော်အကြံပေး ဂျဲရတ်ကုရှနာ တို့ တက်ရောက်လျက်ရှိကာ အီရန်မှ နိုင်ငံခြားရေးဝန်ကြီး အဘတ်အာရတ်ချီ က ဦးဆောင်နေသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်အနေဖြင့် သဘောတူညီမှုမရရှိပါက စစ်ရေးအရ အရေးယူမှုများ ကြုံတွေ့ရနိုင်ကြောင်း သတိပေးထားပြီး ဒေသတွင်း၌ အမေရိကန်စစ်သင်္ဘောများကို တိုးမြှင့် ချထားခဲ့သည်။ ဆွေးနွေးမှုတွင် အီရန်နိုင်ငံအနေဖြင့် နျူကလီးယားကိစ္စနှင့် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးကို အဓိကထားဆွေးနွေးလိုကြောင်း သိရသည်။