နျူကလီးယားလက်နက်ထိန်းချုပ်ရေးစာချုပ်သစ်ရယူရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တောင်းဆို

07 Feb

ရုရှားနှင့် အမေရိကန်နိုင်ငံတို့အကြား ၂၀၁၀ ပြည့်နှစ်တွင် ရယူခဲ့သည့် မဟာဗျူဟာလက်နက်များ ဖြန့်ကြက်မှုဆိုင်ရာစာချုပ် သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် နျူကလီးယားလက်နက်ထိန်းချုပ်ရေး စာချုပ်သစ် တစ်ရပ်ရယူရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဖေဖော်ဝါရီလ ၅ ရက်တွင် တောင်းဆိုခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ ရုရှားနှင့် အမေရိကန်နိုင်ငံတို့ ဖြန့်ကြက်နိုင်မည့် နျူကလီးယားထိပ်ဖူးအရေအတွက်နှင့် ပစ်လွှတ်မှုစနစ် အရေအတွက်တို့ကို ကန့်သတ်ပေးထားသော မဟာဗျူဟာလက်နက်များ ဖြန့်ကြက်မှုစာချုပ်သည် ဖေဖော်ဝါရီလ ၅ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သည်။ မဟာဗျူဟာလက်နက်များ ဖြန့်ကြက်ရေးစာချုပ် သက်တမ်းကုန်ဆုံးခဲ့သည့်တိုင် ယင်းစာချုပ်ပါ ပြဋ္ဌာန်းချက်များကို မိမိတို့ဆန္ဒအလျောက် ဆက်လက်စောင့်ထိန်းရန် ရုရှားသမ္မတ ပူတင် က ကမ်းလှမ်းထား သော်လည်း အဆိုပါကမ်းလှမ်းချက်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ငြင်းပယ်ထားကြောင်း သိရသည်။ မိမိတို့အနေဖြင့် မဟာဗျူဟာလက်နက်များ ဖြန့်ကြက်မှုစာချုပ်ကို သက်တမ်းတစ်နှစ်ထပ်တိုးမည့်အစား ပိုမိုခေတ်မီ၍ ရေရှည်တည်တံ့မည့် စာချုပ်သစ်တစ်ခု ထပ်မံရယူသင့်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။ မဟာဗျူဟာလက်နက်များ ဖြန့်ကြက်မှုထိန်းချုပ်ရေးစာချုပ် သက်တမ်းကုန်ဆုံးမှုကြောင့် အင်အားကြီး နိုင်ငံများအကြား နျူကလီးယားလက်နက်များ အပြိုင်အဆိုင်တပ်ဆင်လာနိုင်သည်ဟု လေ့လာသူများက သတိပေး ထားကြောင်း သိရသည်။

07 Feb

ADVERTISE HERE .