“ရုရှားနှင့်ယူကရိန်းက အကျဉ်းသား ၃၁၄ ဦး လဲလှယ်ရန် သဘောတူ”

06 Feb

အာရပ်စော်ဘွားများပြည်ထောင်စု၌ ပြုလုပ်သည့် သုံးပွင့်ဆိုင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပြီးတွင် ရုရှား နှင့်ယူကရိန်းတို့သည် အကျဉ်းသား ၃၁၄ ဦး လဲလှယ်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း အမေရိကန်သမ္မတ၏ အထူး ကိုယ်စားလှယ် စတိဝစ်ကော့ က ဖေဖော်ဝါရီလ ၅ ရက်တွင် ပြောသည်။ ဤသဘောတူညီချက်သည် ငါးလအတွင်း ပထမဆုံးအကြိမ်အဖြစ်ဆောင်ရွက်နိုင်သည့် အကျဉ်းသားလဲလှယ်မှုလည်း ဖြစ်သည်။ အဘူဒါဘီမြို့၌ ပြုလုပ်ခဲ့ သည့် ၎င်းဆွေးနွေးပွဲများသည် အသေးစိတ်ကျပြီး အကျိုးရှိသော ဆွေးနွေးမှုများဖြစ်ကြောင်းနှင့် ယခုခြေလှမ်းသည် ယူကရိန်းပဋိပက္ခအဆုံးသတ်ရန် သံတမန်ရေးအရ လက်တွေ့ကျသောရလဒ်များကို ဖော်ဆောင်ပေးနိုင်ကြောင်း ဝစ်ကော့ က လူမှုကွန်ရက်တွင် ရေးထားသည်။ ထို့ပြင် ယခုကဲ့သို့သဘောတူညီချက် ဖြစ်မြောက်လာစေရန် ဦးဆောင်ပေးသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုလည်း ကျေးဇူးတင်ကြောင်း ၎င်းက ပြောသည်။ ရုရှားနှင့် ယူကရိန်းတို့အနေဖြင့် လာမည့် သီတင်းပတ်များအတွင်း ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ထပ်တိုးတက်မှုများရရှိလာရန် မျှော်လင့်ထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

06 Feb

ADVERTISE HERE .