“New START စာချုပ်သက်တမ်းကုန်ဆုံးသော်လည်း ရုရှားနိုင်ငံက ဆက်လက်တာဝန်ယူသွားမည်ဟု သမ္မတ ရုံး ထုတ်ပြန်”
06 Feb
ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား နောက်ဆုံးအဖြစ်ကျန်ရှိနေသည့် နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ် (New START) သက်တမ်းကုန်ဆုံးသွားသော်လည်း ရုရှားနိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် နျူကလီးယားတည်ငြိမ်မှုအတွက် တာဝန်ရှိစွာ ဆက်လက်တာဝန်ယူသွားမည်ဟု ရုရှားသမ္မတရုံးက ဖေဖော်ဝါရီလ ၅ ရက်တွင် ထုတ်ပြန်သည်။ နှစ်နိုင်ငံ၏ ဒုံးကျည်များ၊ လွှတ်တင်ရေးစနစ်များနှင့် မဟာဗျူဟာမြောက် ဒုံးကျည် ထိပ်ဖူးအရေအတွက်တို့ကို ကန့်သတ်ချက်များချမှတ်ထားသည့် New START စာချုပ်သည် ဖေဖော်ဝါရီလ ၅ ရက် ကုန်ဆုံးချိန်၌ ပျက်ပြယ်ကြောင်း သမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ က သတင်းထောက်များကို ပြောသည်။ အဆိုပါစာချုပ်သက်တမ်းကုန်ဆုံးသွားခြင်းအပေါ် ရုရှားနိုင်ငံအနေဖြင့် စိတ်မကောင်းဖြစ်ရသည်ဟု ၎င်းက ဆိုသည်။ ရုရှားနိုင်ငံအနေဖြင့် စာချုပ်ပါအချက်အလက်များကို ဆက်ခံမည့်စာချုပ်အသစ်အတွက် ဆွေးနွေးနိုင်ရေး အချိန်ရရှိစေရန် စာချုပ်သက်တမ်းကို တစ်နှစ်ထပ်တိုးမည်ဟု အဆိုပြုခဲ့သော်လည်း အမေရိကန်မှ တရားဝင် ပြန်ဖြေခဲ့ခြင်းမရှိပေ။ နောက်နောင်ဖြစ်ပေါ်လာမည့် အခြေအနေများအပေါ်မူတည်၍ ရုရှားနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် နယ်ပယ်ရှိ မဟာဗျူဟာမြောက်တည်ငြိမ်မှုကိစ္စရပ်တွင် အမျိုးသားအကျိုးစီးပွားကို အဓိကထား၍ တာဝန်သိစွာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ပက်စကော့ က ပြောသည်ဟု ST သတင်း ဌာနဖော်ပြချက်အရ သိရသည်။