“မြန်မာနိုင်ငံ၏(AML/CFT)လုပ်ငန်းများအနေနဲ့ ဆက်လက်ဆောင်ရွက်ရန် အချက် ၅ ချက်သာကျန်ရှိ”
06 Feb
မြန်မာနိုင်ငံက ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT)လုပ်ငန်း များ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သဖြင့် ဆက်လက်ဆောင်ရွက်ရန်အချက် ၅ ချက်သာကျန်ရှိတော့ကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်မှာ ဖေဖော်ဝါရီလ ၅ ရက် က ကျင်းပတဲ့ အသိပညာမြှင့်တင်ရေး ရှင်းလင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံက ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) လုပ်ငန်း များနှင့် လူအများအပြားသေကျေစေတဲ့ လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်း များကို ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(FATF)၏ စံသတ်မှတ်ချက်များနှင့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(APG)၏ အကြံပြုချက်များအတိုင်း ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်မှု များအပေါ် FATF နှင့် APG တို့က အသိအမှတ်ပြုပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များ တိုးမြှင့်ပေးလျက် ရှိကြောင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၅-၆-၂၀၂၄ ရက်၊ ၉-၆-၂၀၂၄ ရက်၊ ၅-၁၁-၂၀၂၄ ရက်တို့တွင် သတင်းများ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ထပ်မံ၍ မြန်မာနိုင်ငံ၏ AML/ CFT ဆိုင်ရာလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့မှုများနှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများကြောင့် တိုးတက်မှုများဆက်လက်ရရှိလျက်ရှိပါတယ်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ လက်ငင်းရလဒ်(၁၀/၁၁.၁)က ကြီးမားစွာလိုက်နာဆောင်ရွက်ခြင်း (Largely Addressed)အဆင့်သို့ ထပ်မံတိုးမြှင့် ရရှိခဲ့ပါကြောင်းနှင့် ၂၀၂၁ ခုနှစ်မှစ၍ ၂၀၂၅ ခုနှစ်ထိ အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အစီအမံ (Action Plan) (၉) ခုသည် Largely Addressed ရရှိပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာလုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများ၊ FATF အကြံပြုချက်များနှင့်အညီ စဉ်ဆက်မပြတ် အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်ချက်များ၊ ဥပဒေပိုင်းဆိုင်ရာမူဘောင်များ ပိုမိုခိုင်မာမှု ရှိစေရန် ပြင်ဆင်ပြဋ္ဌာန်းထုတ်ပြန်ချက်များ၊ AML/ CFT ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈)ကို ရေးဆွဲ၍ အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိခြင်းကြောင့် FATF နှင့် APG တို့က အသိအမှတ်ပြုပြီး နှစ်စဉ်စံနှုန်း သတ်မှတ်ချက်အဆင့်များ တိုးမြှင့်ပေးလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရန် တိုက်တွန်းအားပေးလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါဆောင်ရွက်ရန်ကျန်ရှိသည့် အချက်များမှာ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ စုံစမ်းစစ်ဆေးမှုအတွက် ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးသတင်းအချက်အလက်များ ပေးအပ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ရန်၊ ဆုံးရှုံးနိုင်ခြေ အန္တရာယ်ရှိမှုများနှင့်အညီ FIU က သတင်းပို့ချက်အား လုပ်ငန်းပိုင်းဆိုင်ရာစိစစ်ခြင်းနှင့် ကြိုတင်ဖြန့်ဝေခြင်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ ငွေကြေးခဝါချမှုများကို မူလပြစ်မှုများ စစ်ဆေးစဉ်အတွင်း အပြိုင်စစ်ဆေးခြင်းပြုလုပ်ရန်နှင့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များနှင့်အညီ စစ်ဆေးခြင်းပြုလုပ်ရန်ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုများအား စုံစမ်းစစ်ဆေးရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို Formal နှင့် Informal နှစ်မျိုးလုံးဖြင့် ဆောင်ရွက်ရန်၊ ဆုံးရှုံးနိုင်ခြေအန္တရာယ်ရှိမှုများနှင့်အညီ ပြစ်မှုကျူးလွန်ရာမှ ရရှိသော အကျိုးအမြတ်များ၊ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ပစ္စည်းများ၊ ပြစ်မှုကျူးလွန်ရာမှရရှိတဲ့ အကျိုးအမြတ် များနှင့် တန်ဖိုးတူညီတဲ့ အခြားသောပစ္စည်းများကို သိမ်းဆည်းခြင်း/ထိန်းချုပ်ခြင်းနှင့် နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းခြင်း များကို တိုးမြှင့်ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)