“ရုံးပိတ်ရက်ရှည်ကာလအတွက် အွန်လိုင်းမှ ရထားလက်မှတ်ဝယ်ယူမှုများပြား”
06 Feb
ရန်ကုန် - နေပြည်တော် - မန္တလေးလမ်းပိုင်း ရထားခရီးစဉ်များ၌ ဖေဖော်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့)မှ ဖေဖော်ဝါရီလ ၁၇ ရက် (တရုတ်နှစ်သစ်ကူးနေ့)အထိ ရုံးပိတ်ရက်ရှည်ကာလကြောင့် အွန်လိုင်းမှ လက်မှတ်ဝယ်ယူမှု များပြားလျက်ရှိနေကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။ မြန်မာ့မီးရထားအနေနဲ့ ခရီးသွားပြည်သူများ ရထားလက်မှတ်ဝယ်ယူရာမှာ အဆင်ပြေချောမွေ့စေရန် နိုင်ငံတကာမှာ အသုံးပြုလျက်ရှိတဲ့ အွန်လိုင်းမှ ရထားလက်မှတ်ရောင်းချခြင်းနှင့် ငွေပေးချေခြင်း (Online Railway Ticketing and Payment System – ORTP)စနစ်အတိုင်း ယခုဖေဖော်ဝါရီလဆန်းမှစတင်ကာ ရှေ့ပြေးစမ်းသပ်မှု အစီအစဉ်အဖြစ် ရန်ကုန်-နေပြည်တော်-မန္တလေးရထားလမ်းပိုင်းမှာ ပြေးဆွဲလျက်ရှိတဲ့ လူစီးရထားလက်မှတ်များကို အွန်လိုင်းစနစ်ဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါအွန်လိုင်းစနစ်နဲ့ ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ ၇ ရက်ကြိုတင်ရောင်းချပေးခဲ့တဲ့ ရထားလက်မှတ် များကို လာမည့်ဖေဖော်ဝါရီလ ၇ ရက်မှာ ပြေးဆွဲပေးမည့် ရန်ကုန်-မန္တလေး-ရန်ကုန် လူစီးအမြန်ရထားဖြစ်တဲ့ အမှတ်(၁၁)အဆန်/(၁၂)အစုန်၊ ရန်ကုန်-နေပြည်တော်-ရန်ကုန် DEMU အမြန်ရထားဖြစ်သည့် အမှတ်(၇)အဆန်/ (၈)အစုန်၊ (၃၁)အဆန်/(၃၂)အစုန် နှင့် မန္တလေး -နေပြည်တော်- မန္တလေး အမြန်ရထားဖြစ်သည့် အမှတ် (၂၇) အဆန်/(၂၈)အစုန် ရထားများ စီးနင်းနိုင်ရန် မြန်မာ့မီးရထားမှ ဝန်ဆောင်မှုပေးထားကြောင်း သိရပါတယ်။ ဒါ့အပြင် ပုဂံသို့ သွားရောက်လည်ပတ်ကြမည့် ခရီးသွားများအတွက်ကိုလည်း ရန်ကုန်ဘူတာကြီးမှ အပတ်စဉ် သောကြာနေ့ မွန်းလွဲပိုင်းနှင့် ပုဂံမှ အင်္ဂါနေ့တို့မှာ ရထားများ ပြေးဆွဲပေးလျက်ရှိကြောင်းလည်း သိရပါတယ်။ (NVS 004)