“ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေရန်လုပ်ဆောင်ခဲ့တဲ့ ရွှေအသင်းဥက္ကဋ္ဌအပါအဝင် လူပုဂ္ဂိုလ်များအားအရေးယူ”
06 Feb
ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်နဲ့ ရွှေတုံးရွှေခဲများကို တရားမဝင်သိုလှောင် ဖြန့်ဖြူးရောင်းချနေခဲ့တဲ့ ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် အပါအဝင် လူပုဂ္ဂိုလ် ၃ ဦးကို အရေးယူဆောင်ရွက်ထားကြောင်း နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာမှာ ပြည်တွင်းရွှေဈေးကွက်တည်ငြိမ်စေရေးအတွက် လိုအပ်တဲ့ အမိန့်ညွှန် ကြားချက်များ ထုတ်ပြန်ခြင်း၊ နေ့စဉ်ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်ခြင်းများ ဆောင်ရွက် လျက်ရှိပါတယ်။ ဒါ့အပြင် ထုတ်ပြန်ထားတဲ့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းသတ်မှတ်ဈေးနှုန်းအတိုင်း ရောင်း/ဝယ်ခြင်းများ ပြုလုပ် ဆောင်ရွက်ကြရန်ကိုလည်း ရွှေလုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ပြီးဖြစ်ပါတယ်။ အချို့သောရွှေလုပ်ငန်းရှင် များအနေနဲ့ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေရန်အတွက် ဝိသမလောဘနဲ့ ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်း မြင့်တက်စေရန်နှင့် ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်တို့နဲ့ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်း ဈေးသတ်မှတ်ရေးကော်မတီက နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော ရွှေရည်ညွှန်းဈေး ထက် ကျော်လွန်တဲ့ဈေးနှုန်းများဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ၍ တရားမဝင်သိုလှောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ် ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်းစိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးသူဝင်း(အကယ်ဒမီရွှေဆိုင်)နှင့် အတွင်းရေးမှူး ဦးနေမျိုးထက်(ရွှေစင်အကယ်ဒမီရွှေဆိုင်)တို့ ၃ ဦးက ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများဖြစ်လျက်နှင့် ၎င်းတို့ကိုယ်တိုင်က ရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်၍ ပြင်ပရွှေပေါက်ဈေးနှုန်းနဲ့ ရွှေတုံးရွှေခဲများကို ဝယ်ယူ/သိုလှောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိပါတယ်။ ဦးမျိုးမြင့် အနေနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အလေးချိန်စုစုပေါင်း ၇၀ ကျပ်သားရှိ အခေါက်ရွှေတုံး ၈ တုံးကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူခဲ့ပြီး အမြတ်တင်ပြန်လည်ရောင်းချရန် သိုလှောင်ထားရှိခဲ့ကြောင်း၊ ထို့အတူ ဦးမျိုးသူဝင်း အနေနဲ့ ၎င်း၏ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ် သားကို ပြင်ပပေါက်ဈေးနှုန်းနဲ့ဝယ်ယူ၍ ရွှေ ၉၅၀ ကျပ်သားကို အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည် ရောင်းချခဲ့ကြောင်း၊ ဦးနေမျိုးထက် အနေနဲ့ ၎င်း၏ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားကို ပြင်ပပေါက်ဈေးနှုန်းနဲ့ ဝယ်ယူ၍ ရွှေ ၂၆၈ ကျပ်သားကို အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဦးမျိုးမြင့်၊ ဦးမျိုးသူဝင်းနှင့် ဦးနေမျိုးထက်တို့ ၃ ဦးက ရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ/ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ပြန်လည်ရောင်းချခဲ့ခြင်းများမှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ရာရောက်သဖြင့် ၎င်းတို့ ၃ ဦးအပေါ်တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းရွှေဈေးကွက်တည်ငြိမ်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်မှထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက် သွားကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိသည့်ရွှေလုပ်ငန်းရှင်များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 004)