“နိုင်ငံတော်ယာယီသမ္မတအား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ အပ်နှင်း”
06 Feb
နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ကို ဖေဖော်ဝါရီလ ၅ ရက် နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမမှာ အထူးဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ၍ အပ်နှင်းခဲ့ ပါတယ်။ နိုင်ငံတော်ယာယီသမ္မတမှ ဘွဲ့နှင်းသဘင်ခန်းမစင်မြင့်ထက်၌နေရာယူပြီး နိုင်ငံတော်အလံကို အလေးပြုကြ ပြီးနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က နိုင်ငံတော်ယာယီသမ္မတ၏ စွမ်းဆောင်ရည်များကို ဖတ်ကြားတင်ပြခဲ့ပါတယ်။ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ထူးကဲသော ဂုဏ်ဒြပ်များကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်ယာယီသမ္မတကို ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A honoris causa)ချီးမြှင့်အပ်နှင်းခွင့်ရခြင်းက ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တက္ကသိုလ်တို့အတွက် ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ဖတ်ကြားတင်ပြခဲ့ပါတယ်။ အဲဒီနောက် တက်ရောက်လာကြတဲ့ ရုရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် Altai State Pedagogical University တို့မှတက်ရောက်လာကြသည့် ပညာရှင်ကြီးများကဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့ကြပါတယ်။ နိုင်ငံတော်ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa)အား အပ်နှင်းခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်သည် ၁၉၂၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ရဟန်းတော်များ၊ နိုင်ငံရပ်ခြားမှ ခေါင်းဆောင် များ၊ လူပုဂ္ဂိုလ်များအပါအဝင် ၇၂ ဦးကိုဂုဏ်ထူးဆောင်ဘွဲ့ အမျိုးမျိုးချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။ ချီးမြှင့်ခဲ့တဲ့ဘွဲ့များက ဂုဏ်ထူး ဆောင်စာပေပါရဂူဘွဲ့၊ ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့များဖြစ်ပြီး ရဟန်းသံဃာများဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာ နန္ဒာဘိဝံသ၊ ဘဒ္ဒန္တမာရာဘိဝံသနှင့် ဘဒ္ဒန္တဉာဏိဿရ တို့ကို ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ချီးမြှင့်ခဲ့ကာ နိုင်ငံတကာ ခေါင်းဆောင်များဖြစ်တဲ့ ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုးနှင့် ဗီယက်နမ်သမ္မတ ဟိုချီမင်း တို့ကို ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့များချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ (NVS 004)