“မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက်ငွေရတုသုတေသနညီလာခံနှင့်သိပ္ပံပွဲတော်ကျင်းပ”
06 Feb
မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့်သိပ္ပံပွဲတော်(၂၀၂၆) ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်မွန်းလွဲပိုင်းက ရန်ကုန်တက္ကသိုလ်၊ သုတေသနနှင့်ဆန်းသစ်တီထွင်မှု စင်တာမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားများကို နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။ နိုင်ငံတော်ယာယီသမ္မတက မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော်(၂၀၂၆) ဖွင့်ပွဲ အထိမ်းအမှတ် တက္ကသိုလ်များအလိုက်ပြသထားတဲ့ ပြခန်းများကို ပြခန်းတစ်ခုချင်းစီအလိုက်ကြည့်ရှုခဲ့ပါတယ်။ အခမ်းအနားများကို ပညာရပ်ဆိုင်ရာသုတေသနလုပ်ငန်းလမ်းညွှန်မှု၊ အားပေးမှုတို့ဖြင့် နိုင်ငံတော်၏ ပညာ ရည်မြင့်မားတိုးတက်စေရန်၊ အဆင့်မြင့်ပညာကဏ္ဍမှာ သုတေသနလုပ်ငန်းအဆင့်မြင့်မားမှု၊ အရည်အသွေးပြည့်မီမှု တို့ကိုရှေးရှုပြီး နိုင်ငံတကာအဆင့်မီ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်တွန်းအားပေးတဲ့အနေနဲ့စာတမ်းများ တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အခုလိုဆွေးနွေးပြီးနောက် အကောင်းဆုံးသုတေသနစာတမ်းဆုများ ချီးမြှင့်ရန်နှင့် သုတေသနညီလာခံမှ ဘာသာရပ်အလိုက်အဆင့်မီသော သုတေသနစာတမ်းများကို စုစည်း တည်းဖြတ်၍ ဂျာနယ်များထုတ်ဝေဖြန့်ချိရန်ညီလာခံကို ဖေဖော်ဝါရီလ ၇ ရက်အထိကျင်းပသွားမည်ဖြစ်ပြီး ညီလာခံမှာ ပြည်တွင်း/ ပြည်ပမှ စာတမ်းရှင်များက လူမှုရေး၊ စီးပွားရေးနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍကြီးများ ရေရှည်ဖွံ့ဖြိုးရေးဆိုတဲ့ ဦးတည်ချက်နှင့်အညီ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်အသီးသီးမှ ဘာသာရပ် ၃၃ မျိုးအတွက် သုတေသနစာတမ်း ၃၁၂ စောင် ကို ဖတ်ကြားသွားမယ်လို့ သိရပါတယ်။ (NVS 004)