“လာမည့်ပညာသင်နှစ်မှာ Grade-12 ၏ သင်ရိုးညွှန်းတမ်းများကို ပြန်လည်ရေးဆွဲမည်”
05 Feb
လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ Grade-12 ရဲ့ သင်ရိုးညွှန်းတမ်းများကို ပြန်လည်ရေးဆွဲမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန် က ဖေဖော်ဝါရီလ ၂ ရက်က နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ သင်ကြားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ အဆိုပါအစည်းအဝေးအတွင်း လာမည့်ပညာသင်နှစ်မှာ Grade-12 ၏ သင်ရိုးညွှန်းတမ်းများကို ပြန်လည် ရေးဆွဲရမည်ဖြစ်ရာ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီး၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ပညာရေးဝန်ကြီးဌာနတွင်ရှိသည့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး အသစ်ပြန်လည်ဖွဲ့စည်းမည့် အဆိုပါကော်မတီမှာ ဒုတိယဝန်ကြီးကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စေမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ အခုလိုပြန်လည်ဖွဲ့စည်းရာမှာ ပညာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်သူများသာမက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဆိုင်ရာများနှင့်ပတ်သက်တဲ့ ပညာရှင်များကိုပါ ကော်မတီ၌အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းမည်ဆိုပါက ပိုမိုကောင်းမွန်တဲ့ သင်ရိုးညွှန်းတမ်းများ ဖြစ်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အလယ်တန်းများတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များ ထည့်သွင်းသင်ကြားပေးရန် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လာမည့် ၂၀၂၆ ခုနှစ် ပညာသင်နှစ် ဇွန်လမှစတင်၍ အလယ်တန်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ထည့်သွင်းသင်ကြားပေးနိုင်ရန်၊ သင်ရိုးများ အချိန်မီရေးဆွဲရန်၊ သင်ကြားမည့် ဆရာ ဆရာမများနှင့် ဆင့်ပွားသင်တန်းများ ဆက်လက်ပေးရန်၊ သင်ကြားမည့်အချိန်များ သတ်မှတ်နိုင်ရန် ဆွေးနွေးကြ စေလိုကြောင်းနှင့် မကြာမီကျင်းပမည့် Grade-12 စာမေးပွဲဖြစ်သည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး စာမေးပွဲများတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ (NVS 004)