“ဆေးဝါးစက်ရုံ(အင်ရောင်း)မှ လိမ်းဆေးများတိုးမြှင့်ထုတ်လုပ်ရန်နှင့် ဆေးအမယ်သစ်များထုတ်ရန်တင်ဒါခေါ်ယူ”
05 Feb
မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်ရောင်း)၊ လိမ်းဆေးထုတ်လုပ်ရေးဌာနရှိ ၁၅၁ ပေ x ၂၅ ပေမှာ လိမ်းဆေးများ တိုးမြှင့်ထုတ်လုပ်ရန်နှင့် ဆေးအမယ်သစ်များ ထုတ်လုပ်ခြင်းလုပ်ငန်းကို အကျိုးတူပူးပေါင်းဆောင်ရွက် ရန် စက်မှုဝန်ကြီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သိရပါတယ်။ အဆိုပါ လုပ်ငန်းများကို စိတ်ပါဝင်စားသူများအနေဖြင့် တင်ဒါလျှောက်လွှာပုံစံများကို ဖေဖော်ဝါရီလ ၄ ရက်မှ စတင်ကာ နေပြည်တော်ရှိ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ရုံးအမှတ် (၃၇) တွင် ရောင်းချပေးနေပြီး ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၄ နာရီမှာ တင်ဒါတင်သွင်းမှု ပိတ်သိမ်းမှာဖြစ်ပါတယ်။ ဆေးဝါးစက်ရုံ (အင်ရောင်း)ကို မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ကျေးရွာ အနီးတွင် ၂၀၀၃ ခုနှစ်မှ စတင်တည်ထောင်ကာ ထိုးဆေး ၂၂ မျိုး၊ သွေးကြောသွင်းဆေးရည် ၅ မျိုး၊ ဆေးမှုန့် ၇ မျိုး၊ တစ်ခါသုံး ဆေးထိုးအပ် ၃ မျိုး၊ မျက်စဉ်းဆေး ၁ မျိုးနှင့် ဆေးရည် ၂ မျိုး၊ စုစုပေါင်း ဆေး ၄၀ မျိုးကို ထုတ်လုပ်လျက်ရှိတယ်လို့ စက်မှုဝန်ကြီးဌာနမှ သိရပါတယ်။ (NVS 004)