“နိုင်လွတ်လုံ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေပြဌာန်း”
04 Feb
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ပေးရေးဥပဒေ(နိုင်လွတ်လုံ) ပြင်ဆင်တဲ့ဥပဒေကို ပြဌာန်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က ဖေဖော်ဝါရီလ ၃ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါဥပဒေကို ပြင်ဆင်တဲ့ ဥပဒေဖြင့် ပုဒ်မ(၅)၊ပုဒ်မခွဲ(ခ) ကို အစားထိုးခြင်း နှင့် ပုဒ်မ(၈) ခြေဆင်းကို အစားထိုးပြင် ဆင်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ပုဒ်မ ၅ ပုဒ်မခွဲ(ခ) ကို ပုဂ္ဂိုလ်တစ်ဦး၏ နေအိမ်နှင့် နေအိမ်အဖြစ် အသုံးပြုတဲ့ အဆောက်အုံများအတွင်းသို့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဝင်ရောက်ရှာဖွေပြုခြင်း၊ သိမ်းဆည်းခြင်း၊ ဖမ်းဆီးခြင်းများပြုလုပ်လိုလျင် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်အများပြည်သူအေးချမ်းသာယာရေးအတွက် အရေးကြီးလိုအပ်ချက်မှတစ်ပါး သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှုးဖြစ်စေ ကျေးရွာ တာဝန်ခံ သို့မဟုတ် ရာအိမ်မှုး၊ဆယ်အိမ်မှုးဖြစ်စေ တစ်ဦးဦးအပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနှင့်အတူ ဆောင်ရွက်ရမည် ဟု အစားထိုးပြင်ဆင်ခြင်းဖြစ်ကြောင်း ဥပဒေပြဌာန်းချက်တွင် ဖော်ပြထားပါတယ်။ ထိုအတူ ပုဒ်မ(၈) ခြေဆင်းကိုလည်း “မည်သူမျှတည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာမရှိဘဲဖြစ်စေ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့၏ခွင့်ပြုချက်မရှိဘဲဖြစ်စေ နေရာ၌ “နိုင်ငံတော်ကာကွယ်ရေး လုံခြုံရေးနှင့်အများပြည်သူအေးချမ်းသာယာရေးအလိုဌာ ဥပဒေနှင့်အညီ တာဝန် အရဆောင်ရွက်ရတဲ့ တာဝန်နှင့်လုပ်ပိုင်ခွင့်ရှိသူမှ အပမည်သူမျှတည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်ခွင့်ပြုချက် သို့မဟုတ် ဝရမ်း၊ တစ်စုံတစ်ရာမရှိဘဲဖြစ်စေ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ဖြစ်စေဟု အစားထိုးပြင်ဆင်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)