“တရုတ်သမ္မတနှင့် ဥရုဂွေးသမ္မတတို့ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေး”
04 Feb
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဥရုဂွေးသမ္မတ ယာမန်ဒူအော်စီတို့ ဖေဖော်ဝါရီလ ၃ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။ တန်းတူညီမျှမှုရှိ၍ အစီအစဉ် ကျနသော ဝင်ရိုးစုံကမ္ဘာကြီးဖန်တီးရေးအတွက် တရုတ်နှင့်ဥရုဂွေးနိုင်ငံတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဥရုဂွေးသမ္မတနှင့်တွေ့ဆုံဆွေးနွေးစဉ် တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့သည်။ ထို့ပြင် လက်တင် အမေရိက နိုင်ငံများနှင့်ကာရေဘီယံဒေသနိုင်ငံများ၏အချုပ်အခြာအာဏာတည်မြဲရေးကြိုးပမ်းမှုများကို ထောက်ခံအားပေး ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားထားသည်။ ဥရုဂွေးသမ္မတ အော်စီသည် အမေရိကန်နိုင်ငံက ဗင်နီဇွဲလားနိုင်ငံကို စစ်ရေးအရတိုက်ခိုက်၍ သမ္မတမာဒူရို ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် ပထမဆုံးတောင်အမေရိကခေါင်းဆောင် ဖြစ်သည်။ တရုတ်နှင့်ဥရုဂွေးနိုင်ငံတို့ကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအခြေအနေမှာ အကောင်းဆုံး အချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဥရုဂွေးသမ္မတ အော်စီ က တရုတ်သမ္မတနှင့် တွေ့ဆုံဆွေးနွေးစဉ် ထုတ်ဖော် ပြောကြားခဲ့သည်။ သမ္မတအော်စီ၏ပေကျင်းခရီးစဉ်အတွင်း ဥရုဂွေးနှင့်တရုတ်တာဝန်ရှိသူများသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် အများအပြား လက်မှတ်ရေးထိုးနိုင်ခဲ့ကြကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။